တရုတ် စီးပွားရေးမူဝါဒ ဆိုင်ရာ အရာရှိကို စစ်ဆေး

Image caption လီယူ တီယန်နန်ဟာ အဂတိ လိုက်စားမှုတွေ လုပ်နေတယ်လို့ နာမည်ကြီး သတင်း သမား တဦးက ဒီဇင်ဘာလမှာ ထုတ်ဖေါ်

တရုတ် နိုင်ငံမှာ စီးပွားရေး မူဝါဒ ရေးဆွဲတဲ့ အစိုးရ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ် တဦးကို အဂတိ လိုက်စားမှုနဲ့ စုံစမ်း စစ်ဆေး နေတယ်လို့ တရုတ် အစိုးရ သတင်း မီဒီယာတွေ မှာ ထုတ်ဖေါ် ကြေညာ သွားပါတယ်။

NDRC နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြုပြင် ပြောင်းလဲ ရေး ကော်မရှင် အဖွဲ့ရဲ့ ဒုတိယ အကြီး အကဲ ဖြစ်တဲ့ လီယူ တီယန်နန် ဟာ အရေး ပါတဲ့ စည်းမျဉ်း စည်းကမ်း တွေကို ချိုးဖေါက် ခဲ့တယ် ဆိုပြီး ရှင်ဝါ သတင်း အေဂျင်စီမှာ ဖေါ်ပြထား ပါတယ်။

လီယူ တီယန်နန်ဟာ အဂတိ လိုက်စားမှုတွေ လုပ်နေတယ် ဆိုပြီး နာမည်ကြီး သတင်း သမား တယောက်က ဒီဇင်ဘာလ တုန်းက ပထမဆုံး အကြိမ် ထုတ်ဖေါ် စွပ်စွဲ လိုက်ရာ ကနေ စွပ်စွဲ ချက်တွေ တဖြည်းဖြည်း ထပ်မံ ပေါ်ထွက် လာခဲ့ တာပါ။

တရုတ် နိုင်ငံမှာ အဂတိ လိုက်စားမှုတွေ တိုက်ဖျက်ဖို့ သမ္မတသစ် ရှီ ကျင်ပင်းက ထင်ထင် ရှားရှား တွန်းအားပေး ဆောင်ရွက် နေချိန်မှာပဲ အခုလို လီယူ တီယန်နန် အပေါ် စုံစမ်း စစ်ဆေး မှုတွေ လုပ်ခဲ့ တာပါ။

မစ္စတာ လီယူဟာ ၁၉၅၄ ခုနှစ်မှာ မွေးဖွား ခဲ့တာ ဖြစ်ပြီး တရုတ် နိုင်ငံရဲ့ စီးပွားရေး မူဝါဒကို ကြီးကြပ် ဆောင်ရွက် နေတဲ့ နိုင်ငံ ဖွံ့ဖြိုး တိုးတက် ရေးနဲ့ ပြုပြင် ပြောင်းလဲရေး ကော်မရှင် အဖွဲ့မှာ ၂၀၀၈ ခုနှစ် ကစလို့ တာဝန်ယူ ဆောင်ရွက်ခဲ့ တာပါ။ သူဟာ တရုတ် နိုင်ငံရဲ့ စွမ်းအင် အုပ်ချုပ် ရေး အဖွဲ့ရဲ့ အကြီးအကဲ အဖြစ်လည်း ပြီးခဲ့တဲ့ မတ်လ အထိ ဆောင်ရွက်ခဲ့ပါတယ်။ သူ့အပေါ် စွပ်စွဲ ထားချက်တွေနဲ့ ပတ်သက် လို့တော့ သတင်းတွေ ထဲမှာ ဘာမှ ပြောမသွား ပါဘူး။

ဒီဇင်ဘာလတုန်းက ကေဂျင်း ဆိုတဲ့ နာမည်ကြီး မဂ္ဂဇင်း တစောင်ရဲ့ လက်ထောက် အယ်ဒီတာ လူအို ချဲန်ပင်း က လီယူ တီယန်နန်ဟာ မေးခွန်း ထုတ်စရာ ဖြစ်နေတဲ့ စီးပွားရေး သဘောတူချက် တွေမှာ ပါဝင် ပတ်သက်နေတယ် ၊ သူ့ရဲ့ ပညာရေး မှတ်တမ်း ကို လိမ်ညာ ဖေါ်ပြ ထားတယ်၊ အရင် တိတ်တိတ်ပုန်း ယူထား တဲ့ အမျိုး သမီး တဦးကို သတ်မယ် ဆိုပြီး ခြိမ်းခြောက် ခဲ့တယ် စသဖြင့် ဝေဘို အင်တာနက် ကွန်ယက် စာမျက်နှာမှာ စွပ်စွဲ ဖေါ်ပြခဲ့ ပါတယ်။

ခေါင်းဆောင်သစ် ရှီကျင်ပင်း သမ္မတ တာဝန်လွှဲပြောင်း ယူခဲ့ပြီး ကတည်းက တရုတ် နိုင်ငံမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးတွေ ဆောင်ရွက် သွားမယ်လို့ ကတိပြု ပြောသွား ခဲ့ပြီး အဂတိ လိုက်စားမှု ပြဿနာဟာ တရုတ် ကွန်မြူနစ် ပါတီ အာဏာ ခိုင်မြဲရေးကို ထိခိုက် နိုင်တယ်လို့ သတိပေးခဲ့ ပါတယ်။

ဒီတော့ အခုလို လီယူ တီယန်နန်ကို စုံစမ်း စစ်ဆေးမှုတွေ လုပ်မယ်လို့ ထုတ်ဖေါ် ကြေညာ လိုက်တာဟာ တရုတ် အစိုးရ အရာရှိတွေ အာဏာ အလွဲ သုံးစား လုပ်နေ တာတွေကို အမြစ်ဖြုတ် ဖြေရှင်းဖို့ သမ္မတ ရှီကျင်ပင်း အနေနဲ့ သိပ် အလေး အနက် မထားဘူးလို့ ယူဆနေကြတဲ့ လူထုရဲ့ အမြင်တွေကို ပြောင်းသွား အောင် လုပ်ဖို့ ကြိုးပမ်းမှု အဖြစ်လည်း ယူဆနိုင် ပါတယ်။