ကာကွတ်မြို့ ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွား

Image caption ဗုံးကွဲ တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ Kirkuk မြို့

အီရတ်နိုင်ငံ မြောက်ပိုင်းက ကာကွတ်မြို့နဲ့ ဘဂ္ဂဒက်မြို့တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

ဘာသာရေး အုပ်စုကွဲတွေကြား အခြေအနေ တင်းမာမှု တိုးလာနေတဲ့ ကာကွတ်မြို့မှာ ရှီးအိုက် ဗလီကျောင်း တခုကို အသေခံ ဗုံးခွဲသမားက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူရှစ်ယောက် သေဆုံးခဲ့ပါတယ်။

ဘဂ္ဂဒက်မြို့က ရှီးယား မွတ်ဆလင်တွေ အများစု နေထိုင်ရာ ဒေသမှာလည်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့လို့ အနည်းဆုံး လူ၁၂ယောက် သေဆုံးသွားခဲ့ပါတယ်။

အီရတ်နိုင်ငံမှာ ရှီးယား မွတ်ဆလင်တွေ ဦးဆောင်တဲ့ အစိုးရနဲ့ လူနည်းစု ဆွန်နီ မွတ်ဆလင် ခေါင်းဆောင်တွေကြား ကာလရှည်ကြာ နိုင်ငံရေး အာဏာလုမှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ဘာသာရေး အုပ်စုကွဲတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြှင့် ပြင်းထန်လာ ခဲ့ပါတယ်။