ကန်သမ္မတ နဲ့ တူရကီ ဝန်ကြီးချုပ် တို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ

Image caption တူရကီ ဝန်ကြီးချုပ် အယ်ဒိုဂန်နဲ့ အမေရိကန် သမ္မတ အိုဘားမား

ဆီးရီးယား ပဋိပက္ခ အဆုံးသတ် သွားအောင် ခြေလှမ်းပြင် လုပ်ဆောင်ရမှာတွေကို အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ အိုဘားမားနဲ့ တူရကီ ဝန်ကြီးချုပ် ရာဂျစ် တိုင်ရပ် အယ်ဒိုဝမ်တို့ ဆွေးနွေး ခဲ့ကြပါတယ်။

အမေရိကန် အနေနဲ့ ဆီးရီးယား အရေးကို တဖက်သတ် ဝင်စွတ်ဖက်မှာ မဟုတ်ဘူးလို့ နှစ်ယောက် ပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ အိုဘာမားက အခိုင်အမာ ပြောသွားခဲ့ပါတယ်။

ဆီးရီးယားမှာ ဓါတု လက်နက် သုံးတယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့ရပေမယ့် သာမန် လက်နက်တွေ သုံးပြီးတော့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ် နေတာကိုက နိုင်ငံတကာက လက်တုန့်ပြန်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် ရှိနေပြီလို့ သူက အလေးအနက်ထား ဆိုသွားခဲ့ပါတယ်။

မစ္စတာ အယ်ဒိုဂန်ကလည်း ဆီးရီးယား အရေးမှာ နိုင်ငံတကာက ပိုပြီး တိကျပြတ်သားတဲ့ ကြားဝင်ဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ထပ်တလဲလဲ ပြောသွားခဲ့ပေမယ့် မစ္စတာ အိုဘားမား အနေနဲ့ ဒီထက်ပိုလုပ်ပေးဖို့ လူထုဖက်က ဖိအားပေးတဲ့ အရိပ်အယောင် မတွေ့ရပါဘူး။

အမေရိကန် သမ္မတ အိမ်ဖြူတော်က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ တူရကီ ဝန်ကြီးချုပ် ရာဂျစ် တေရပ် အယ်ဒိုဝမ်က ပြောကြားရာမှာ သူ့အနေနဲ့ လာမယ့် လမှာ ဂါဇာ ကမ်းမြောင် ဒေသနဲ့ အနောက်ဖက် ကမ်း ဒေသကို သွားမယ့် ခရီးစဉ်ကို နဂို ပြင်ထားတဲ့ အတိုင်း ဆက်လက် လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက မစ္စတာ အယ်ဒိုဝမ် အနေနဲ့ ဂါဇာ ခရီးစဉ်ကို ရွေ့ဆိုင်း ထားသင့်တယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

တူရကီ ဝန်ကြီးချုပ် ခရီးစဉ် အပေါ် အစ္စရေး ဒေါသထွက် လိမ့်မှာကို အမေရိကန် အစိုးရ အနေနဲ့ စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ