ဆီးရီးယားမှာ ဓါတု လက်နက် သုံးကြောင်း ပိုခိုင်မာလာ

  • 16 မေ 2013
Image caption ဓါတု အဆိပ်သင့်တယ် ဆိုတဲ့ ဆီးရီးယား အရပ်သား

ဆီးရီးယား နိုင်ငံ အလက်ပိုမြို့ရဲ့ အနောက်တောင် ပိုင်းမှာ ရှိတဲ့ ဆာရာကက်ဘ် မြို့ကို ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ သတင်းတွေကို ပိုခိုင်မာသွားစေတဲ့ မျက်မြင် သက်သေတွေရဲ့ ပြောဆိုချက်တွေကို ဘီဘီစီက ကြားသိခဲ့ရပါတယ်။

အဆိပ်ဓါတ်ငွေ့တွေ ပါတဲ့ အနည်းဆုံး ဗုံးနှစ်လုံးလောက်ကို ဆီးရီးယား အစိုးရ ရဟတ်ယာဉ်တွေက ကြဲချခဲ့တယ်လို့ မျက်မြင်သက်သေတွေက အဲဒီ မြို့ကို သွားရောက်ခဲ့တဲ့ ဘီဘီစီသတင်းထောက်ကို ပြောပြကြပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ အမျိုးသမီးတဦးကို ကုသပေးခဲ့တဲ့ ဆရာဝန် တဦးကလည်း သေဆုံးသူ အမျိုးသမီးရဲ့ ရောဂါ လက္ခဏာတွေဟာ ဇီဝ Phosphate အဆိပ်သင့်တဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဆီးရီးယား အစိုးရကရော သူပုန်တွေဘက်ကပါ ဓါတု လက်နက် မသုံးဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါပေမယ့် တူရကီ ဝန်ကြီးချုပ် ရီချက်ပ် တေယစ် အယ်ဒိုဝဲန်ကတော့ ဆီးရီးယားမှာ ဓါတုလက်နက် သုံးပြီး တိုက်ခိုက်မှုတွေ ရှိနေတယ် ဆိုတာကို အမေရိကန် သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ ဒီကနေ့ တွေ့တဲ့အခါ သက်သေအထောက်အထားတွေ နဲ့ ပြမယ်လို့ ပြောပါတယ်။