အီရတ် ဘာသာရေး အုပ်စုကွဲတွေကြား တိုက်ခိုက်မှု လူ၆ဝ သေဆုံး

  • 18 မေ 2013
Image caption အီရတ်က မြို့ကြီးတွေမှာ သွေးချောင်းစီးတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့

အီရတ် နိုင်ငံမှာ ဘာသာရေး အုပ်စုကွဲတွေကြား တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ၆ဝ သေဆုံးသွားခဲ့ပြီး ဒါဟာ လပေါင်းများစွာ အတွင်း အသေအပေျာက် အများဆုံးနေ့ ဖြစ်ပါတယ်။

ဘဂ္ဂဒက်မြို့တော်နဲ့ အနီးတဝိုက်က ဆွန်နီ မွတ်ဆလင်တွေ နေထိုင်ရာ ဒေသတဝိုက်မှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု သုံးခု အနက် Baquba အရပ်က ဗလီအပြင်ဖက်မှာ သောကြာနေ့ ဝတ်ပြုသူတွေ ထွက်အလာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုက ပထမဆုံးနဲ့ ပေါက်ကွဲမှု အပြင်းထန်ဆုံး ဖြစ်ပါတယ်။

အဲဒီနောက် Madain အရပ်က မြို့တော်ဝန် စျာပန ကျင်းပနေတုန်း လူအုပ်ကြားထဲမှာ ဒုတိယ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး တခါ လူစည်ကားတဲ့ အချိန် ဘဂ္ဂဒက်မြို့ထဲက စျေးရောင်းစျေးဝယ် စည်တဲ့ နေရာတွေမှာ ညနေ အစောပိုင်းတုန်းက ဗုံးနှစ်လုံး ထပ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အီရတ် နိုင်ငံတလွှားက ရှီးယား မွတ်ဆလင်တွေ နေထိုင်ရာ ဒေသတွေကို ပစ်မှတ်ထားတဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နှစ်ရက်အကြာမှာ အခုလို ဆက်တိုက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။