လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ပြင်သစ်သမ္မတ လက်မှတ်ထိုး

france_gay_marriage
Image caption ပြင်သစ်မှာ လိင်တူချင်း ထိမ်းမြား နိုင်ပြီ

ပြင်သစ်နိုင်ငံမှာ အကြီးအကျယ် ငြင်းခုံ ခဲ့ကြတဲ့ လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ကို သမ္မတက လက်မှတ်ထိုး လိုက်ပြီ ဖြစ်ပါတယ်။

အတိုက်အခံ လက်ယာ ဂိုဏ်းတွေရဲ့ ကန့်ကွက် စိန်ခေါ်မှုတွေ ကြားက ဒီဥပဒေကို လက်မှတ်ထိုး လိုက်တဲ့ သမ္မတ ဖရန်ဆွာ အော်လန်းက သမ္မတ နိုင်ငံတော်ရဲ့ ဥပဒေ ကို လေးလေး စားစား ရှိကြဖို့ အချိန်တန်ပြီလို့ ပြောဆိုခဲ့ ပါတယ်။

ဒီဥပဒေကို မကျေနပ် ကန့်ကွက်သူ တွေကတော့ သမ္မတ အော်လန်း တက်လာက ထဲက စီးပွားရေး ပြုပြင်ရေးလို လုပ်ဆောင်ရမယ့် အရေးတွေမှာ ဘာမှ မအောင်မြင်လို့ ဒီကိစ္စကို ဖြစ်အောင် လုပ်တာလို့ စွပ်စွဲကြပါတယ်။

ကန့်ကွက်သူများက မေလ ၂၆ ရက်နေ့မှာ ဆန္ဒပြပွဲလုပ်ဖို့ စီစဉ်နေ ကြပြီး အရင်တခါ ဆန္ဒပြပွဲ ကြီးတွေလိုပဲ ဆိုရှယ်လစ် အစိုးရကို မနှစ်မြို့တဲ့ လက်ယာ ဂိုဏ်းသားများရဲ့ မကျေနပ် ချက်တွေ စုပေါင်းပြီး ထိန်းမနိုင် သိမ်းမရတွေ ထပ်ဖြစ်နိုင်ပါတယ်။

ဒီ ထိမ်းမြားခွင့် ဥပဒေဟာ အခြေခံ ဥပဒေပါ အခြေခံ လွတ်လပ်ခွင့် တွေနဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ဘာမှ ထိပါး ကျူးလွန်တာ မရှိဘူးလို့ အခြေခံ ဥပဒေရုံးက သောကြာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဥပဒေကို မကျေနပ်သူတွေကို ကက်သလစ် ဝတ်ကျောင်းတော်နဲ့ ရှေးရိုးစွဲ အတိုက်အခံတွေက ထောက်ခံပေးကြတာ ဖြစ်ပြီး ဒီဥပဒေကြောင့် လူ့အသိုက်အမြုံရဲ့ အခြေခံ အုတ်မြစ် ပျက်ပြားနိုင်တယ်လို့ စောဒက တက်ကြပါတယ်။

လိင်တူ စုံတွဲတွေ အတွက် သားသမီး မွေးစားခွင့် ကြောင့် ဒီလို ကန့်ကွက် နေကြတာပါ။

ပြင်သစ်မှာ လိင်တူ လက်ထပ်ခွင့် ထောက်ခံသူတိုင်းက သားသမီး မွေးစားခွင့်ကို လက်ခံကြတာ မဟုတ်ပါဘူး။

၂ဝ၁၇ ခုနှစ်မှာ ကလေးတွေ အတွက် ပိုပြီး အလေးထားတဲ့ ဥပဒေကြမ်း ပြန်တင်မယ်လို့ အတိုက်အခံ UMP ဘက်က ပြောနေပါပြီ။

ဒီလို လိင်တူချင်း လက်ထပ်ခွင့် ဆိုတာ ကမ္ဘာ့ နိုင်ငံ အနည်းငယ်မှာသာ ခွင့်ပြုထားတဲ့ ဥပဒေမျိုး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုလို နိုင်ငံကြီး မှာတောင် ပြည်နယ်တိုင်းမှာ ဒီဥပဒေကို ခွင့်ပြုထားတာ မဟုတ်ပါဘူး။

မြန်မာ အပါအဝင် အာရှ အာဖရိက နိုင်ငံ တချို့မှာဆိုရင် လိင်တူ ဆက်ဆံမှုကို ဥပဒေပြဋ္ဌာန်း အရေးယူ တာတွေ ရှိပါတယ်။

လိင်တူချင်း ထိမ်းမြားခွင့်ကို နိုင်ငံရေး ယဉ်ကျေးမှု ပိုမို လွတ်လပ်တဲ့ နယ်သာလန်နဲ့ ဥရောပ မြောက်ပိုင်း နိုင်ငံတွေမှာ သာမက ကက်သလစ် ကိုးကွယ်သူ များတဲ့ စပိန်နဲ့ ပေါ်တူဂီမှာပါ ခွင့်ပြုနေပြီ ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်မှာလဲ ဒီကိစ္စကို စတင် ဆွေးနွေးနေကြပါပြီ။

ဘာသာရေး အရှိန်အဝါ သိပ်မရှိတော့ဘူးလို့ ထင်ခဲ့ကြတဲ့ ပြင်သစ်ပြည်မှာ ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြတာ အံ့အားသင့်စရာ ကောင်းပါတယ်။ ဇန်နဝါရီလက ပါရီမှာ လူသိန်းချီတဲ့ ကန့်ကွက်ပွဲကြီးက ပြင်သစ်မှာ နှစ် ၅ဝ တွင်း အကြီးဆုံး ဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။

မစ္စတာ အောလန်း ကိုယ်တိုင် စီးပွားရေး ပျက်ပြားမှုတွေနဲ့ နိုင်ငံ လူ ဦးရေ ၁ဝ ရာခိုင်နှုန်းကျော်ထိ အလုပ်လက်မဲ့ တိုးပွားနေမှု တွေကြောင့် လူကြိုက် အနည်းဆုံး သမ္မတ နေရာ ရနေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ