တရုတ် အိန္ဒိယ ဆက်ဆံရေး ရှေ့အလားအလာ

Image caption နှစ်နိုင်ငံ ကုန်သွယ်ရေးတွေ တိုးမြှင့် လုပ်လာ ခြင်း ကြောင့် ဆက်ဆံရေး အတွက် အထောက် အကူ ဖြစ်

အပူချိန် ၁၁၅ ဒီဂရီ ဖာရင်ဟိုက် ရှိနေတဲ့ ဒေလီမြို့မှာ တရုတ် ဝန်ကြီးချုပ် လီကွတ်ချန်ကို အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းက အပြုံး ပန်း တွေ ဝေဝေ ဆာဆာနဲ့ ကြိုဆိုခဲ့ ပေမယ့် အာရှ အင်အားကြီး နိုင်ငံ တွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ အကြား တင်းမာမှု မီးတောက် တွေက တငွေ့ငွေ့နဲ့ ဆက်လောင် နေဦးမယ့် ပုံရှိနေ ပါတယ်။

သမိုင်းကြောင်း ပြန်ကောက်မယ် ဆိုရင်တော့ ၁၉၆၂ ခုနှစ်က နှစ်နိုင်ငံ အကြား ဟိမဝန္တာ နယ်စပ် တလျှောက်မှာ တရုတ်ဘက် ကနေ ရုတ်တရက် ကြီး ထိုးစစ်ဆင် တိုက်ခိုက် လာခဲ့ရာ ကနေ စခဲ့တာပါ။

အိန္ဒိယ အစိုးရ ဘက်က နိုင်ငံ အနောက်မြောက် ဘက်ပိုင်းက ပိုင်နက် နယ်မြေတွေ ပြန်ရဖို့ ကြိုးစားခဲ့ သလို တရုတ်တို့ ဘက်ကလည်း သူတို့ပိုင်တဲ့ ပိုင်နက်ဟာ ပိုတောင် များတယ် လို့ ပြောခဲ့ပြီး နှစ်နိုင်ငံ အကြား နယ်စပ်မျဉ်း သတ်မှတ်ရေးကို သဘော မတူနိုင် ဖြစ်ခဲ့ကြ ပါတယ်။

တခါ တရုတ် ဝန်ကြီးချုပ်ရဲ့ အိန္ဒိယ ခရီးစဉ်ကို ထိခိုက် စေမယ့် အန္တရာယ်မျိုး ရှိနေ တာတောင် ပြီးခဲ့တဲ့ လတုန်းက အဲဒီ ဒေသကို တရုတ် တို့ ဘာကြောင့် ကျူးကျော် တိုက်ခိုက် ခဲ့တာလဲ ဆိုတာ ကိုတော့ အသေ အချာ မသိရပါဘူး။

ဒါပေမယ့် အဲဒီ ဒေသမှာ အိန္ဒိယက စစ်အင်အားတွေ တိုးချဲ့ ချခဲ့တာ အပေါ် တုံ့ပြန်တဲ့ အနေနဲ့ တရုတ် တို့က ကျူးကျော် တိုက်ခိုက်ဖို့ အခုလို ဆုံးဖြတ် ခဲ့ပုံ ရတယ်လို့ အကဲခတ် တွေက သုံးသပ် ပါတယ်။

တချိန်တည်းမှာပဲ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ အကြားမှာ တခြား ပြဿနာတွေ ဖြစ်တဲ့ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမား ကို အိန္ဒိယ အစိုးရ က ခိုလှုံခွင့် ပေးထားတာ၊ ပါကစ္စတန်ကို တရုတ်က ထောက်ခံ နေတာ စသဖြင့် မကျေလည် မှုတွေ ရှိနေ ပါသေးတယ်။

တဘက်က ကြည့်မယ် ဆိုရင်တော့ နှစ်နိုင်ငံ ကုန်သွယ်ရေးတွေ တိုးမြှင့် လုပ်လာခြင်းကြောင့် ပိုရင်းနှီးတဲ့ ဆက်ဆံရေး အတွက် အထောက် အကူ ဖြစ်စေခဲ့ ပါတယ်။

ဒါပေမယ့် ခုလက်ရှိ မှာတော့ နှစ်နိုင်ငံ စလုံးမှာ စီးပွားရေး နှေးကွေး မှုတွေ ကြုံနေရတဲ့ အတွက် နယ်စပ် ပြဿနာ အပေါ် လိုအပ်တဲ့ ညှိနှိုင်း လိုက်လျောမှုတွေ လုပ်ဖို့ ဆိုတာ ပိုပြီး အကန့် အသတ် ရှိနေပါတယ်။

ဒီတော့ လောလောဆယ် အခြေအ နေမှာ နှစ်နိုင်ငံ အကြား ဆက်ဆံရေးဟာ တမဟုတ်ချင်း တိုးတက် ဖြစ်ထွန်း မှုတွေ ရှိလာ မယ်လို့ မျှော်လင့် လို့ မရပဲ အချိန် မရွေး ပြဿာနာ မီးတောက် ထလောင် နိုင်မယ့် အခြေ အနေမျိုးသာ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက် Andrew North က သုံးသပ်ထား ပါတယ်။