Rafsanjani နဲ့ Mashaei တို့ကို ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် မပေး

  • 22 မေ 2013
Image caption ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် တားမြစ်ခံရတဲ့ ရပ်ဖ်ဆန် ဂျာနီ

အီရန်မှာ သမ္မတဟောင်း Akbar Hashemi Rafsanjani နဲ့ ရာထူးက ဆင်းတော့မယ့် သမ္မတ Mahmoud Ahmadinejad ရဲ့ မိတ်ဆွေရင်း Esfandiar Rahim Mashaei တို့ကို နောက်လ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် မပေးဘူးလို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ကို ကိုးကားပြီး ရုပ်မြင်သံကြား သတင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei ကို သစ္စာခံတဲ့ အီရန်မှာ အာဏာ အရှိဆုံး အဖွဲ့ဖြစ်တဲ့ Guardian Councilက ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ အတည်ပြုသူ ရှစ်ယောက်ကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သစ္စာ စောင့်သိတဲ့ ရှေးရိုးစွဲ ဝါဒီတွေကို နေရာပေးချင်တဲ့ အီရန်ရဲ့ ဘာသာရေး ခေါင်းဆောင်ကြီးက အခု အပယ်ခံရသူထဲက တယောက်ယောက် ရွေးကောက်ပွဲကို မနှောက်ယှက်နိုင်အောင် လုပ်ချင်တယ် ဆိုတာ ရှင်းနေတာဘဲလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။