မောင်းသူမဲ့ယာဉ်နဲ့ တိုက်ခိုက်တာ ထိရောက် တရားနည်းလမ်းကျတယ်လို့ဆို

Image caption အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ်

အမေရိကန်ရဲ့ မောင်းသူမဲ့ ယာဉ်တွေ သုံးပြီး ပြည်ပက စစ်သွေးကြွတွေကို နှိမ်နင်းနေမှုဟာ အငြင်းပွားဖွယ် ဖြစ်နေပြီး ဒါကို သမ္မတ အိုဘားမား က အပြင်းအထန် ကာကွယ် ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး မိန့်ခွန်းမှာ ဒီမောင်းသူမဲ့ ယာဉ်တွေနဲ့ တိုက်ခိုက်မှုဟာ ထိရောက်ပြီး ဥပဒေနဲ့ ညီတယ်လို့ သမ္မတ ဆိုသွားခဲ့ ပေမယ့် အန္တရာယ် ခြိမ်းခြောက် ခံရပြီး အနီးအနားက အရပ်သားတွေကို ထိခိုက်မှု မရှိဘူး ဆိုတဲ့ အခြေအနေ ကျမှသာ သုံးသင့်တယ်လို့ သူက အလေးအနက်ထား ပြောကြားသွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အများအပြား ထိခိုက် သေဆုံး နေရတာကြောင့် ဒီမောင်းသူမဲ့ ယာဉ်တွေ မကြာခဏ သုံးပြီး နှိမ်နင်းမှု ပြုနေတဲ့ အာဖဂန် နစ္စတန် ၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေနဲ့ အမေရိကန် ဆက်ဆံရေး တင်းမာခဲ့ရတာ ဖြစ်ပါတယ်။

တခါ သူ့ပထမ သမ္မတ သက်တမ်းမှာ ရည်မှန်းပြီး အကောင်အထည် မဖော်သေးတဲ့ ဂွမ်တာနာမို အကျဉ်းစခန်း ပိတ်ရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်မယ့် အစီအစဉ်တွေကိုလည်း မစ္စတာ အိုဘားမားက သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ရှင်းပြသွားခဲ့ပါတယ်။

ယီမင်က အကျဉ်းသားတွေကို သူ့နိုင်ငံရင်း ပြန်ပို့ပြီး အဲဒီမှာ တရားရင်ဆိုင်ခိုင်းဖို့ မျှော်လင့်တယ် ၊ ကျန်တဲ့ လူတွေကိုတော့ အမေရိကန် ပြည်ထောင်စုမှာ ထိန်းသိမ်း ထားမယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စ အပေါ် ကွန်ဂရက်က အချိန်ဆွဲ နေတာနဲ့ ပတ်သက်လို့ မစ္စတာ အိုဘားမားက ဝေဖန် ပြောကြားခဲ့ပြီးဒီအကျဉ်းစခန်း ပိတ်ရေး ကိစ္စဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေကာ သူ့အပြောအရ ဘယ်တော့မှ မဖွင့်သင့်ဘူးလို့ ဆိုပါတယ်။

မစ္စတာ အိုဘားမား ကို ဆန့်ကျင်သူတွေကတော့ ဒီအကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ သူတွေကို အပြင်မှာ ထားရင် သိတ် အန္တရယ် ကြီးတယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။