အိုကလာ ဟိုးမား မြို့မှာ လေဆင်နှာမောင်း ဝင်မွှေ

  • 21 မေ 2013
Image caption လေဆင်နှာမောင်းကြောင့် ဖြစ်သွားတဲ့ အပျက်အစီး

အမေရိကန် ပြည်ထောင်စု အိုကလာ ဟိုးမား မြို့မှာ အင်အား ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ် သွားခဲ့ပါတယ်။

ရုပ်မြင်သံကြားမှာ မြင်တွေ့ရတဲ့ ပုံတွေ အရ အိမ်နဲ့ အဆောက်အဦပျက်တွေ လမ်းတွေပေါ်မှာ ပုံနေပြီး ကျောင်းနှစ်ကျောင်းနဲ့ ဘိုးလင်း ကစားရုံ တခု ပြားပြား ဝပ်သွားခဲ့သလို ကားတွေ ထရပ်ကားတွေဟာ လေနဲ့ အတူ သိမ်းကျုံးပါသွားကာ ပျက်စီး သွားတာကို တွေ့ရပါတယ်။

ဒါ့အပြင် မီးလောင်မှု တခုလည်း ဖြစ်ပွားခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေကတော့ အပျက်အဆီး ပုံတွေကြား ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ဖို့ ကြိုးစား နေပါတယ်။

အမေရိကန် မိုးလေဝသ ဌာနက လေဆင်နှာမောင်း ဝင်မယ်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံ လူအများအပြားဟာ ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ သွားရောက် ခိုလှုံ နေကြလိမ့်မယ်လို့ ယူဆရပါတယ်။

အဲဒီဒေသမှာ နောက်ထပ် လေဆင်နှာမောင်း ထပ်ပြီး တိုက်မယ့် အလားအလာ ရှိတယ်လို့လည်း သတင်းတွေရရှိပါတယ်။