လေဆင်နှာမောင်း ဝင်မွှေတဲ့ နေရာမှာ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေ

  • 21 မေ 2013
Tornado roared through Okalahoma
Image caption အိုကလာဟိုးမား ဆင်ခြေဖုံးကို လေဆင်နှာမောင်း တိုက်ခဲ့လို့ အပျက်အစီး များပြား

အမေရိကန် ပြည်ထောင်စု အိုကလာဟိုးမား မြို့ ဆင်ခြေဖုံးမှာ အင်အား ပြင်းထန်တဲ့ လေဆင် နှာမောင်းကြီး တိုက်ခတ် သွားတဲ့ အတွက် အနီးဝန်းကျင် တစ်ခုလုံး ပျက်စီးသွားခဲ့ ပါတယ်။

ပျက်စီး သွားတဲ့ စာသင်ကျောင်းက ကလေးငယ် ၂၀ ထက် မနည်း အပါ အဝင် လူပေါင်း ၉၀ ကျော် ရဲ့ အသက် အန္တရာယ်ကို စိုးရိမ် နေကြပါတယ်။

ကယ်ဆယ်ရေး သမားတွေက အပျက် အစီးပုံတွေ အောက်မှာ ပိတ်နေသူ တွေရဲ့ အသံတွေကို နားစိုက် ရင်း အသက်ရှင် နေနိုင်သူ တွေကို ရှာဖွေ နေကြပါတယ်။

လူ ၅ သောင်းခွဲ နေတဲ့ မိုး ဆိုတဲ့ ဒီဆင်ခြေဖုံး မြို့လေးကို တနင်္လာနေ့ ညက ၄၅ မိနစ်လောက် ကြာအောင် လေဆင်နှာမောင်း ဝင်ပြီး မွှေနှောက် သွားခဲ့ပြီးနောက် ခြောက်ကပ် ကျန်ရစ်ခဲ့ ပါတယ်။

လေဆင်နှာမောင်း တိုက်ခဲ့တဲ့ နေရာတွေမှာ အရေးပေါ် ကယ်ဆယ်ရေး ယာဉ်တွေရဲ့ မီးရောင်တွေကိုသာ ပြောက်တိ ပြောက်ကျား တွေ့နေရ ပါတယ်။

ကြမ်းတမ်း ပြင်းထန် လှတဲ့ လေဆင် နှာမောင်း ကြီးဟာ တစ်နာရီကို ကီလို ၃၀၀ ကျော်နှုန်းနဲ့ တိုက်ခတ် သွားခဲ့ရာမှာ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတဲ့ သစ်သားတွေ သံ အပိုင်း အစတွေဟာ မုန်တိုင်း တိုက်သွားတဲ့ နေရာ တွေမှာ ကျန်ခဲ့ ပါတယ်။

ရဲစခန်း၊ ရုပ်ရှင်ရုံနဲ့ အစိုးရ အဆောက် အဦ တချို့ ကလွဲရင် ကျန်တဲ့ အိုးအိမ် တိုက်တာတွေ အားလုံး မြေပေါ်မှာ မကျန်အောင် လေဆင်နှာမောင်းက ဖြိုလှဲ သွားခဲ့ တာပါ။

လေဆင်နှာမောင်း ကာကွယ်ရေး ကြိုတင် ပြင်ဆင်မှုတွေ လုပ်ခဲ့ ပေမဲ့ ဒီလောက်ကြီးတဲ့ လေဆင် နှာမောင်းမျိုး ကိုတော့ လာမယ်လို့ ထင်မထား ခဲ့ကြ ပါဘူး။

မျက်မြင် သက်သေ တစ်ယောက်က အဲဒီ မုန်တိုင်းဟာ တစ်မိုင်လောက် ကျယ်တဲ့ မြေတူး စက်ကြီးနဲ့ ထိုးမွှေသွား သလို ပဲလို့ မျက်မြင် တစ်ယောက်က ပြောပါတယ်။

သမ္မတ အိုဘားမား ကလည်း ဒါကို သဘာဝ ဘေးဒုက္ခကြီး တစ်ခု အဖြစ် ကြေညာပြီး ပြည်ထောင်စု အစိုးရက အကူ အညီ ပေးမယ်လို့ ကတိ ပြုခဲ့ပါတယ်။

အဲဒီ မြို့မှာပဲ ၁၉၉၉ ခုနှစ် မေလ တုန်းက ကမ္ဘာမှာ လေ တိုက်အား အပြင်းဆုံး လေဆင်နှာမောင်း တိုက်သွား ခဲ့ဖူးပြီး တနင်္လာနေ့ လေဆင်နှာမောင်းက တော့ အဲဒီထက် ပိုဆိုး နိုင်တယ်လို့ ဒေသ သတင်း ဌာနတွေက ပြော ပါတယ်။

တက္ကဆက် ကနေ မင်နီဆိုတာ ပြည်နယ်ထိ တပြင် တလျား ကျယ်ဝန်းတဲ့ အမေရိကန် ပြည်နယ် ဒေသတွေမှာ လေဆင် နှာမောင်းတွေ ကျရောက်လေ့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ