အီရန် ရွေးကောက်ပွဲ လူတချို့ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရ

  • 22 မေ 2013
iran_elex
Image caption အီရန် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြခွင့် ရကြသူများ

အီရန် နိုင်ငံမှာ လာမယ့်လမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင် နိုင်ခွင့် ရှိသူ စာရင်းကို Guardian Council က ထုတ်ပြန်ခဲ့ ရာမှာ အီရန် သမ္မတ အာမက် ဒီနီဂျတ် ရဲ့ အနီးကပ် မဟာမိတ် ဖြစ်သူ Esfandiar Rahim Mashaeiရော အရင် သမ္မတဟောင်း Akbar Hashemi Rafsanjani ပါ မပါ ဝင်ခဲ့ပါဘူး။

Esfandiar Rahim Mashaei ကို ပိတ်ပင်မှုကို ဆက်လက် အရေးဆို သွားမယ်လို့ အီရန် သမ္မတ အာမက် ဒီနီဂျတ်က ပြောပါတယ်။

လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ ခွင့်ပြုခံရသူ ၈ ယောက် မှာ အများစုက ရှေးရိုးစွဲ သမားတွေ ဖြစ်ကြ တယ်လို့ ယူဆရ ပါတယ်။

ပိတ်ပင်ခံရသူ Esfandiar Rahim Mashaei ကတော့ သမ္မတ အာမက် ဒီနီဂျတ်ရဲ့ လက်ရင်း တပည့် တစ်ယောက်ပါ။ သူ့ကို ခွင့်မပြုတဲ့ ကိစ္စကို နောက်ဆုံး အချိန်အထိ ဆက်လက် အသနားခံ သွားမယ်လို့ သမ္မတ အာမက် ဒီနီဂျတ်က ပြောပါတယ်။

Guardian Council ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ကတော့ ရွေးကောက်ပွဲ ဥပဒေ အရ သမ္မတ လောင်းတွေ အနေနဲ့ အယူခံ ဝင်ပိုင်ခွင့် မရှိဘူးလို့ မနေ့က ပြော ခဲ့ပါတယ်။

သမ္မတ အာမက် ဒီနီဂျတ်ကတော့ ဘာသာရေး ခေါင်းဆောင် ခါမေနီနဲ့ သူ ဆက်လက် ဆွေးနွေး သွားမယ် ပြဿနာ တစုံတရာ မရှိနိုင်ကြောင်းနဲ့ ဒီကိစ္စ ပြေလည် သွားမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

သမ္မတလောင်း စိစစ်တဲ့ Guardian Council ဆိုတာက ဘာသာရေး ခေါင်းဆောင်တွေ နဲ့ ဥပဒေ ပညာရှင် ၁၂ ယောက် ပါတဲ့ အဖွဲ့ဖြစ်ပြီး အီရန်ရဲ့ အထင်ကရ ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီရဲ့ သစ္စာခံတွေ ဖြစ်ကြ ပါတယ်။

ဒါပေမဲ့ အပယ်ခံရသူ နောက်တစ်ယောက် ဖြစ်တဲ့ သမ္မတဟောင်း Akbar Hashemi Rafsanjani ကတော့ ဆက်ပြီး ခွင့်ပြုချက် ရအောင် မကြိုးစားတော့ဘူးလို့ သူ့ရဲ့ ရွေးကောက်ပွဲ မန်နေဂျာက ပြောကြောင်း သိရပါတယ်။

သမ္မတလောင်းတွေ အဖြစ် Guardian Council ကို စာရင်း ပေးခဲ့ကြသူ စုစုပေါင်း ၆၈၆ ယောက် ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲ ဝင်ဖို့ ခွင့်ပြုခံရသူတွေ ထဲမှာ အီရန်ရဲ့ နျူကလီးယား ဆိုင်ရာ အဓိက ညှိနှိုင်းရေးမှူး Saeed Jalili နျူကလီးယား ကိစ္စ ညှိနှိုင်း ရေးမှူးဟောင်း Hassan Rohani နိုင်ငံခြားရေး ဝန်ကြီးဟောင်း Ali AkbarVelayati နဲ့ တီဟီရန် မြို့တော်ဝန် တို့ ပါဝင်ပါတယ်။

ဒါ့အပြင် အီရန်ရဲ့ လက်ရွေးစင် တပ်ဖွဲ့ Revolutionary Guards ရဲ့ အကြီးအကဲဟောင်း၊ ပါလီမန် ဥက္ကဋ္ဌဟောင်း ၊ ဆက်သွယ်ရေး ဝန်ကြီးဟောင်း တို့လည်း ပါဝင်ပါတယ်။

အားလုံးထဲမှာ ယခင် ဒုတိယ သမ္မတ နဲ့ နည်းပညာ ဆိုင်ရာ ဝန်ကြီး ဖြစ်ခဲ့သူ မိုဟာမက် Reza Aref တစ်ယောက်တည်းသာ ပြုပြင် ပြောင်းလဲရေး လိုလားသူ လို့ အများက ယူဆကြ ပါတယ်။

ဘီဘီစီ သတင်း ထောက် James Reynolds က တော့ အယာတိုလာ ခါမေနီ အနေနဲ့ ရွေးကောက်ပွဲမှာ အခု စာရင်းထဲမှာ မပါသူ နှစ်ယောက်ရဲ့ အနှောင့် အယှက်ကို မလိုလားတဲ့ အတွက် ရှေးရိုးစွဲ သမားတွေ ကိုသာ ပါဝင်စေလိုပုံ ရတယ် ဆိုတာ ပိုထင်ရှား သွားတယ်လို့ သုံးသပ် ပါတယ်။

သူ့ရဲ့ ညွှန်ကြားချက်နဲ့ ဆုံးဖြတ်ခဲ့တဲ့ Guardian Council ရဲ့ ဆုံးဖြတ်ချက်ကို မစ္စတာ ခါမေနီက ပြန်ပြောင်း ပစ်မှာ မဟုတ်ဘူး လို့လည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

Esfandiar Rahim Mashaei နဲ့ သမ္မတဟောင်း Akbar Hashemi Rafsanjani တို့ကို ရွေးကောက်ပွဲ မှာ မပါ စေခြင်းဟာ ဘာသာရေး ခေါင်းဆောင်ကြီး အနေနဲ့ အစ္စလာမ်မစ် တော်လှန်ရေးကို ခေါင်းဆောင်ခဲ့တဲ့ ထင်ရှားတဲ့ နိုင်ငံရေး သမား တွေကို ပြိုင်ပွဲမှာ မပါဝင် စေချင်ဘူး ဆိုတာ ကို ပြသ နေတာ ဖြစ်တယ်လို့ ဘီဘီစီ ပါရှန် ဋ္ဌာနက အယ်ဒီတာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ