Woolwich လူသတ်မှုအပေါ် ဗြိတိန် ဝန်ကြီးချုပ် ရှုတ်ချ

  • 23 မေ 2013
အသတ်ခံခဲ့ရသူ စစ်တီးဝိုင်း တပ်ဖွဲ့ဝင် Lee Rigby မှာ နှစ်နှစ်သားအရွယ် သားငယ် ကျန်ခဲ့

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ woolwich မြို့နယ်က လမ်းမတခုပေါ်မှာ စစ်သားတဦးကို ဓါးနဲ့ ခုတ်ထစ် သတ်ဖြတ်ခဲ့သူ နှစ်ဦးကို ဗြိတိန် ဝန်ကြီးချုပ် David Cameron က ရှုတ်ချ ပြောဆိုလိုက်ပြီး အဲဒီလူတွေဟာ အစ္စလာမ် ဘာသာကို လူတွေ အယုံအကြည် ကင်းမဲ့အောင် လုပ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

လန်ဒန်မြို့ အရှေ့တောင်ပိုင်းက စစ်တန်းလျား အဆောက်အအုံတခုနားမှာ မနေ့တုန်းက အခင်း ဖြစ်ပွားနေစဉ်အတွင်း အဲဒီလူနှစ်ဦးက အစ္စလာမ်ဝါဒီ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။

အဲဒီထဲက တဦးက အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာ မွတ်ဆလင်တွေ သတ်ဖြတ်ခံနေရမှုကို တုန့်ပြန် လက်စားချေတဲ့ အနေနဲ့ အခုလို လုပ်ခဲ့တာလို့ ပြောကြောင်း မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။

မွတ်ဆလင် အဖွဲ့အစည်းတွေကတော့ ဒီသတ်ဖြတ်မှုအပေါ် ရှုတ်ချလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဒီလူသတ်မှုမှာ ဆက်နွယ်ပတ်သက်နေမှုနဲ့ လန်ဒန်မြို့တောင်ပိုင်းက အိမ်တခုကို စီးနင်းရှာဖွေခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

လူ ၄ဦးကို မေးမြန်း စစ်ဆေးဖို့ ရဲတွေက ခေါ်ဆောင်သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီစစ်သားကို ဓါးနဲ့ ခုတ်ထစ် သတ်ဖြတ်ခဲ့သူ နှစ်ဦးထဲက တဦးဟာ Michael Adebolajo ဆိုသူ ဖြစ်တယ်လို့ သတင်းရပ်ကွက်တခုက ဘီဘီစီကို ပြောပါတယ်။

သူဟာ အသက် ၂၈နှစ်ရှိပြီး ကောလိပ်ကျောင်း အပြီး ၂၀၀၁ခုနှစ်မှာ အစ္စလာမ် ဘာသာဝင်တဦးအဖြစ် ဘာသာကူးပြောင်းခဲ့တာလို့ ဆိုပါတယ်။

အသတ်ခံခဲ့ရသူဟာ Royal Regiment of Fusiliers တပ်ဖွဲ့ရဲ့ စစ်တီးဝိုင်း တပ်ဖွဲ့ဝင် အသက် ၂၅နှစ်အရွယ် Lee Rigby ဖြစ်တယ်လို့ သတင်းတွေမှာ ထုတ်ဖေါ်ကြေညာသွားပါတယ်။