IMF အကြီးအကဲကို တရားဝင် စုံစမ်း စစ်ဆေးမှု မလုပ်တော့ဘူး

Image caption နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ အကြီးအကဲ ခရစ်စတင်း လဂါး

နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ခရစ်စတင်း လဂါးဒ် ကို တရားဝင် စုံစမ်း စစ်ဆေးမှု မလုပ်တော့ဘူးလို့ ပါရီမြို့က အစိုးရ ရှေ့နေတွေက ဆုံးဖြတ် လိုက်ကြပါတယ်။

အငြင်းပွားဖွယ် ဖြစ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် Bernard Tapie ရဲ့ လိမ်လည်တောင်းခံငွေ ဒေါ်လာ သန်းလေးရာ ပေးခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ကိစ္စအပေါ် မစ္စလဂါးကို နှစ်ရက်ကြာ မေးမြန်း စစ်ဆေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ပါရီ တရားရုံးက သူမကို မျက်မြင် သက်သေ အဖြစ်သာ ထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ငွေပေးချေမှု လုပ်ခဲ့တုန်းက မစ္စ လဂါဒ့်ဟာ ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မစ္စ လဂါ့ဒ်ကိုကော သူမကို ရာထူးက နှုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေ ဖြစ်စေတဲ့ IMF ကိုကော စိတ်ကသိကအောက် ဖြစ်မှု တွေကနေ သက်သာရ ရသွားစေတယ်လို့ ပါရီမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။