ငြိမ်းချမ်းရေးအတွက် ဒမတ်စကပ်စ် ဆွေးနွေးလို

  • 24 မေ 2013
syria_rebels
Image caption တိုက်ပွဲတွေကြောင့် ဆီးရီးယားရော ဒေသတွင်းမှာပါ နစ်နာနေရ

ဆီးရီးယားအစိုးရက နောက်လမှာဂျနီဗာ မြို့မှာ ကျင်းပ ပြုလုပ်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေး ဆွေနွေးပွဲကို တက်ရောက်ဖို့ အတွက် မူအားဖြင့် သဘောတူ ထားပြီ ဖြစ်တယ်လို့ ရုရှားက ပြောပါတယ်။

ရုရှားကို ဆီးရီးယား သမ္မတ အာဆတ်ဒ်အတွက် အရေးပါတဲ့ မဟာမိတ် နိုင်ငံဖြစ်ပြီး ဆီးရီးယား အစိုးရ အပေါ်မှာ လည်း လွှမ်းမိုးမှု ရှိတယ်လို့ ရှုမြင်ကြ ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောခွင့်ရသူ အလက်ဇန်းဒါး လူကပ်စ်ရှာဗစ်က ဆီးရီးယား နိုင်ငံသာမက အဲဒီ ဒေသတွင်းမှာပါ ထိခိုက်နစ်နာ ရတဲ့ တိုက်ပွဲတွေကို ရပ်တန့် နိုင်ဖို့ နိုင်ငံရေး အရ အဖြေရှာ နိုင်ကြဖို့ အတွက် နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံမှာ ဒမတ်စကပ်စ်က တက်ရောက် လိုကြောင်း မူအားဖြင့် အသင့်ရှိနေပြီ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ်။

ဆီးရီးယား အဓိက အတိုက်အခံ အဖွဲ့ကြီး ဖြစ်တဲ့ ဆီးရီးယား အမျိုးသား ညွှန့်ပေါင်း အဖွဲ့ကလည်း အဖွဲ့အတွင်း သဘောထား ကွဲပြား မှုတွေကို ဖြေရှင်းပြီး အတိုက်အခံ တွေရဲ့ ခေါင်းဆောင်သစ် ရွေးချယ် နိုင်ဖို့ အတွက် အစ္စတန်ဘူလ် မြို့မှာ တွေ့ဆုံ ဆွေးနွေး နေကြပါတယ်။

ဆီးရီးယား သမ္မတ အာဆတ်ဒ် နိုင်ငံရေး အရ အားသာမှု မရနိုင်အောင် အတိုက်အခံ တွေအနေနဲ့ ညီညွတ် ကြဖို့ လိုအပ်တယ်လို့ အတိုက်အခံ ခေါင်းဆောင် တချို့က ပြောပါတယ်။

အရင်က ဒီလို ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှု တွေမှာတော့ နှစ်ဘက်စလုံးက ကြိုတင် တောင်းဆို မှုတွေ ရှိနေခဲ့လို့ ပျက်ပြား ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ