ပြင်သစ် စစ်သား ဓားထိုးခံရမှု စုံစမ်းမှုတွေလုပ်

  • 26 မေ 2013
Image caption ပြင်သစ် စစ်သားဟာ တာဝန် ထမ်းဆောင် နေစဉ် မှာ အခုလို တိုက်ခိုက် ခံရတာ ဖြစ်ပါတယ်

ပြင်သစ် နိုင်ငံ မြို့တော် ပဲရစ် အနောက်ပိုင်း စီးပွားရေး ရပ်ကွက် တခုမှာ စနေနေ့က ပတ်တရောင် လှည့်နေတဲ့ စစ်သားကို နောက်ကနေ ကပ်ပြီး လည်ပင်းကို ကဒ်ထူပုံး ဖွင့်တဲ့ ဓား အသေး တချောင်းနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်မြို့ ဝူးလ်ဝစ်ချ်မှာ အင်္ဂလိပ် စစ်သား တယောက်ကို နေ့ခင်း ကြောင်တောင် လမ်း လယ်ခေါင်မှာ သတ်ဖြတ်ခဲ့ တဲ့ ဗုဒ္ဓဟူးနေ့က အမှုနဲ့ မရှေး မနှောင်းမှာ အခု ဖြစ်ရပ် ဆက်တိုက် ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ပြင်သစ် စစ်သားဟာ သူ တာဝန် ထမ်းဆောင် နေစဉ်မှာ အခုလို တိုက်ခိုက် ခံရတာ ဖြစ်ပါတယ်။ သူဟာ စစ်သား ဖြစ်တဲ့ အတွက် အခုလို တိုက်ခိုက် ခံရတာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီး ယွင်း အိဗ်စ် လီ ဒရိုင်ယန် က ပြောပါတယ်။

သူ့ကို တိုက်ခိုက် သူဟာ မြောက်အာဖရိက နွယ်ဖွား ပါးသိုင်းမွှေး ထူထူ လူတစ်ယောက် ဖြစ်ပြီး ထွက်ပြေး လွတ်မြောက်သွား ပါတယ်။ ရဲအဖွဲ့က စုံစမ်း ရှာဖွေ နေ ပါတယ်။

ဗုဒ္ဓဟူးနေ့က လန်ဒန်မှာ စစ်သား တယောက် အသတ် ခံရတဲ့ အမှုနဲ့ တိုက်ရိုက် ကွင်းဆက် အဆက် အသွယ် ရှိကြောင်း အထောက် အထား မျိုးတော့ မတွေ့ရ သေးဘူးလို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက ပြောပါတယ်။

ဒါပေမဲ့ ရဲ သမဂ္ဂ ပြောရေး ဆိုခွင့်ရှိ ပုဂ္ဂိုလ် ခရစ္စတော့ဖ် ခရစ်ပင် ကတော့ သမ္မတရဲ့ ပြောကြားချက်ကို လက်မခံ ခဲ့ပါဘူး။

ပြင်သစ် နိုင်ငံဟာ မာလီ နိုင်ငံကို စစ်ရေး အရ ဝင်ရောက် စွက်ဖက်မှု လုပ်ပြီး နောက်မှာ မြောက်အာဖရိက အယ်လ်ခိုင်းဒါး အုပ်စုက ခြိမ်းခြောက် မှုတွေ ရှိလို့ အထူး သတိထား တပ်လှန့် ထားတဲ့ နိုင်ငံ ဖြစ်တယ်လို့ ဘီဘီစီ ပဲရစ် သတင်းထောက် ခရစ္စတီယန်း ဖရေဇာက ဆိုပါတယ်။

ဒီဖြစ်စဉ် ကြောင့် အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်မှု Terrorism ဟာ အသွင် သစ်နဲ့ လှုပ်ရှား လာသလား ဆိုပြီး စိုးရိမ် ပူပန် မှုတွေ ရှိနေ သလို အဲသလို ကွင်းဆက်နဲ့ အစီ အစဉ် ရှိရှိ လုပ်နေတယ်လို့ လူတွေ ထင်လာအောင် တမင် သက်သက် ခြောက်လှန့် လုပ်ကြံ နေတယ်လို့ ယူဆကြ သူတွေလည်း ရှိနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ