ဆီးရီးယားကို လက်နက်ရောင်းမှု ပိတ်ထားတာ ဖယ်လိုက်ပြီ

Image caption ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ်

ဥရောပ သမဂ္ဂက ဆီးရီးယား နိုင်ငံအပေါ် လက်နက် ရောင်းချမှု ပိတ်ပင် ထားတာကို ဖယ်ရှားလိုက်ပြီလို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ် က ပြောပါတယ်။

ဘရပ်ဆဲလ် မြို့မှာ အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တရက်ကြာ ဆွေးနွေးခဲ့ ပြီးတဲ့နောက် အခုလို လက်နက်ရောင်းချမှု ပိတ်ထားတာကို ဖယ်ရှားလိုက်တာဖြစ်ပေမယ့် ဆီးရီးယား အပေါ် တခြား ပိတ်ဆို့ အရေးယူမှုတွေတော့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

ဆီးရီးယားသမ္မတ အာဆတ်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အလယ်အလတ် သဘောထားရှိတဲ့ ဆီးရီးယား သူပုန်တွေကို လက်နက် တင်ပို့ပေးနိုင်အောင် အခုလို လက်နက် ရောင်းချမှု ပိတ်ပင် ထားတာကို ဖယ်ရှားဖို့ ယူကေနဲ့ ပြင်သစ်တို့က တောင်းဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို တောင်းဆိုတာဟာ နှစ်နှစ်လောက် ကြာနေတဲ့ ဆီးရီးယား ပြည်တွင်းစစ်အတွက် နိုင်ငံရေး အဖြေရှာအောင် သမ္မတအာဆတ်ကို တွန်းအားပေးရာ ရောက်တယ်လို့ ယူကေနဲ့ ပြင်သစ်တို့က ပြောပါတယ်။

အခုလို လက်နက် ရောင်းချတင်ပို့မှုပိတ်ထားတာကို ဖယ်ရှားလိုက်ပေမယ့် ဆီရီးယား သူပုန်တွေဆီ လက်နက်တင်ပို့ဖို့ ချက်ချင်း ဆုံးဖြတ်ချက် ချမှာ မဟုတ်သေးပါဘူးလို့ မစ္စတာ ဟိတ်ခ် က ဆိုပါတယ်။

တချို့ အီးယူနိုင်ငံတွေကတော့ ဒီလို လက်နက်တင်ပို့မှု ပိတ်ထားတာကို ဖယ်ရှားလိုက်တာဟာ အကြမ်းဖက်မှုတွေကို ပိုဆိုးစေမယ်လို့ ယူဆကြတာကြောင့် ဒီအဆိုကို ဆန့်ကျင်ကြပါတယ်။

ဒါ့အပြင် ဆီးရီးယားသူပုန်တွေဆီ ပို့တဲ့ လက်နက်တွေ စစ်သွေးကြွတွေ လက်ထဲ ရောက်သွားမှာကိုလည်း စိုးရိမ်ကြပါတယ်။

ဆီးရီးယား အပေါ် ဆက်လက် သက်တမ်းတိုး ထိန်းချုပ် အရေးယူ ထားမယ့် အစီအစဉ်တွေကို ဥရောပ ကောင်စီက သဘောတူခဲ့ကြတယ် ၊ လာမယ့် သြဂုတ်လ အစောပိုင်း မတိုင်ခင် ဒါတွေကို ပြန်လည် သုံးသပ်မယ်လို့ အီးယူ ထိပ်တန်း အရာရှိ ကတ်သရင်း အက်ရှ်တန်က သတင်းထောက် တွေကို ပြောသွားပါတယ်။

ဒါ့အပြင် ဥရောပ သမဂ္ဂကို ဗြိတိန်နဲ့ ပြင်သစ်တို့က ဖိအားပေးခဲ့တယ် ဆိုတဲ့ ပြောဆိုချက်တွေကို သူမက ငြင်းဆိုခဲ့ပါတယ်။