ဆီးရီးယား အရေး အီးယူမှာ ဆွေးနွေး

Image caption ဆီးရီးယား နိုင်ငံဆီ လက်နက် ပို့လို့ မဟုတ်တဲ့ သူတွေ လက်ထဲ ရောက်သွား မှာကို စိုးရိမ် နေကြ

ဆီးရီးယား သူပုန် တွေဆီ လက်နက်တွေ ဖြည့်ဆည်း ပေးနိုင်ဖို့ အတွက် ဆီးရီးယား နိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့ ထားမှု တွေကို ဖြေလျှော့ ပေးဖို့ ဗြိတိန်နဲ့ ပြင်သစ် အစိုးရ တို့ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ အီးယူ နိုင်ငံခြား ရေး ဝန်ကြီးတွေက ဆွေးနွေး နေကြပါတယ်။

ဒီလို လုပ်ခြင်း အားဖြင့် နိုင်ငံရေး အရ အဖြေရှာ နိုင်ဖို့ ဆီးရီးယား အစိုးရကို ဖိအား ပိုတိုးပေး နိုင်မှာ ဖြစ်တယ်လို့ ဗြိတိန်နဲ့ ပြင်သစ်က ပြောပါတယ်။

ဒါပေမယ့်လည်း အခုလ ၃၁ ရက် နေ့မှာ သက်တမ်း ကုန်ဆုံးမယ့် အဲဒီ ပိတ်ပင် တားမြစ် မှုကို ရုပ်သိမ်း ပေးဖို့ ကျန်တဲ့ ဥရောပ နိုင်ငံ အတော် များများက ဆန့်ကျင် ကန့်ကွက် နေကြပြီး၊ ဆီးရီးယား နိုင်ငံဆီ ပို့တဲ့ လက်နက်တွေ မဟုတ်တဲ့ သူတွေ လက်ထဲ ရောက်သွား မှာကို စိုးရိမ် နေကြ တယ်လို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံ နယ်စပ်မြို့ တမြို့က လာတဲ့ သတင်းတွေ အရ အဲဒီမှာ ပြင်းထန်တဲ့ တိုက်ခိုက် မှုတွေ ဖြစ်ခဲ့ပြီး ဓါတု လက်နက်တွေ အသုံးပြု ခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆို ချက်တွေလည်း ထပ်ထွက် လာခဲ့ ပါတယ်။

အခု လာမယ့် လမှာ ဂျနီဗာမြို့မှာ ကျင်းပမယ့် နိုင်ငံ တကာ ငြိမ်းချမ်းရေး ညီလာခံမှာ ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ် အစိုးရနဲ့ အတူ ပါဝင် ဆွေးနွေးဖို့ ဆီးရီးယား အတိုက် အခံတွေကို အမေရိကန် ပြင်သစ်နဲ့ ရုရှားတို့က ဖိအားပေး ပြောနေ ချိန်မှာပဲ အခု ဒီ ဘရပ်ဆဲလ်စ်မြို့ မှာ အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေး နေကြတာပါ။

အဲဒီ ညီလာခံကို ဆီးရီးယား အစိုးရ ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ မူအားဖြင့် သဘောတူ ထားတယ်လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးက မနေ့က အတည်ပြု ပြောသွားပါတယ်။

UK နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိဂ်က ဗြိတိန် နိုင်ငံ အနေနဲ့ ဂျီနီဗာ ငြိမ်းချမ်းရေး ညီလာခံကို အပြည့် အဝ ထောက်ခံ ကြောင်းနဲ့ နိုင်ငံ ရေးနဲ့ သံတမန်ရေး အရသာ အဖြေ ရှာနိုင်မှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒါပေမယ့်လည်း ဆီးရီးယားကို လက်နက် တင်ပို့မှု EU ရဲ့ တားမြစ် ပိတ်ပင် ထားမှုကို ပြင်ဆင် တာဟာ သံတမန် နည်း ဆောင်ရွက် ချက်ကို ပံ့ပိုးပေးမှု တစိတ် တဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ဆီးရီးယား သမ္မတ အာဆတ် အနေနဲ့ စေ့စပ် ညှိနှိုင်း အဖြေရှာမှုတွေ လုပ်ရမယ် မဟုတ်ရင်တော့ လက်နက် တင်ပို့မှု တားမြစ် ထားမှုကို ပြင်ဆင် မှုတွေ လုပ်ရမယ် ဆိုတာကို ပြောလိုတဲ့ သဘော ဖြစ်ကြောင်း မစ္စတာ ဟိဂ်က ပြောသွားပါတယ်။

သြစတြီးယား နိုင်ငံခြားရေး ဝန်ကြီး ကတော့ EU အနေနဲ့ ဆီးရီးယား ပဋိပက္ခထဲ သိပ်ပြီး ဝင် မပါသင့်ဘူးလို့ ဆိုပါတယ်။ EU ဟာ ငြိမ်းချမ်းတဲ့ နိုင်ငံ အသိုင်း အဝိုင်း ဖြစ်တယ်လို့လည်း သူက ဖြည့်စွက် ပြောသွားပါတယ်။

ဒါပေမယ့်လည်း ဘာမှ မလုပ်ပဲ ထိုင်နေတာက အသုံး မကျပဲ ကျင့်ဝတ် အားဖြင့် လည်း လက်ခံ နိုင်စရာ မရှိဘူး ဆိုတာကို EU နိုင်ငံ အတော် များများက လက်ခံ ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ