တရုတ် သြစတြေးလျ ဆက်ဆံရေး ဟက်ကာ တွေကြောင့် မထိခိုက်

  • 28 မေ 2013
Australian Foreign Minister
Image caption သြစတြေလျ နိုင်ငံခြားရေး ဝန်ကြီးက နှစ်နိုင်ငံ ဆက်ဆံရေး မထိနိုင်လို့ ပြော

သြစတြေးလျ နိုင်ငံ ခြားရေး ဝန်ကြီး ဘော့ဘ်ကား Bob Carr က သြစတြေးလျ ထောက်လှမ်းရေး ရုံးချုပ် အသစ် ရဲ့ တည်ဆောက်မှု ပုံစံကို တရုတ် ကွန်ပြူတာ ဟက်ကာတွေ ခိုးယူခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်ခဲ့တဲ့ အတွက် သူ့ နိုင်ငံနဲ့ တရုတ် နိုင်ငံ ဆက်ဆံရေး ထိခိုက်မှာ မဟုတ်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ သြစတြေးလျ နိုင်ငံ အေဘီစီ သတင်း ဌာနရဲ့ Four Corners အစီအစဉ် ကနေ ထုတ်လွှင့် ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ မစ္စတာ ကားက နောက်ထပ် မှတ်ချက် တစုံတရာ ပေးဖို့ တော့ငြင်းဆို ပါတယ်။

တရုတ်နဲ့ နေရာ အတော်များများမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပြီး အခု စွပ်စွဲချက် တွေကို တရုတ်က လုပ်တယ် မလုပ်ဘူး ဆိုတာ မှတ်ချက် မပေးနိုင်ဘူးလို့ သူက ပြောပါတယ်။

ထောက်လှမ်းရေး ရုံးချုပ် အဆောက်အဦ ထဲမှာ ဝိုင်ယာကြိုးတွေ ဆက်သွယ်မှု ပုံစံ အသေးစိတ်၊ အခန်း ဖွဲ့စည်းပုံနဲ့ လုံခြုံရေး စနစ် တွေကို တရုတ် နိုင်ငံထဲက server ကွန်ပြူတာကြီးကနေ တရားမဝင် ဝင်ရောက် ခိုးယူခဲ့တယ်လို့ အေဘီစီ သတင်းမှာ ဖော်ပြခဲ့ ပါတယ်။

ကင်ဘာရာ မြို့က ASIO လို့ခေါ်တဲ့ သြစတြေးလျ အမျိုးသား လုံခြုံရေး အေဂျင်စီ ဌာနချုပ် အသစ်ဟာ တိုင်းပြည် အတွင်း လုံခြုံရေး အရ အထိခိုက် မခံနိုင်ဆုံး နေရာ ဖြစ်ပြီး အကာအကွယ် အများကြီး ပေးရတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒီအဆောက်ဦ သစ်ရဲ့လျှို့ဝှက်တဲ့ ပုံစံကို တရုတ် ဟက်ကာ တွေက အင်တာနက် ကနေ ခိုးယူ နိုင်ခဲ့ တယ်လို့ သြစတြေးလျ အသံလွှင့် ဌာနရဲ့ Four Corners အစီ အစဉ်မှာ စွပ်စွဲ ထားပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ရုံး၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးရုံးတို့ ကိုလည်း ကွန်ပြူတာ ကနေ ခိုးဝင် ကြည့်မှုတွေ ရှိတယ်လို့ အေဘီစီ အစီ အစဉ်က ဖေါ်ပြ ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟွန်လီ ကတော့ ဒီစွပ်စွဲချက်ဟာ အခြေ အမြစ် မရှိဘူး၊ cyber hacking ပြဿနာကိုလည်း ဖြေရှင်း စရာ မလိုဘူးလို့ ပယ်ချခဲ့ ပါတယ်။

အခုနှစ် စောစောပိုင်း ကလည်း တရုတ်က ဟက်ကာ တွေဟာ သြစတြေးလျ ဗဟိုဘဏ်ကို ထိုးဖေါက် တိုက်ခိုက်တယ် ဆိုတဲ့ သတင်းကို သြစတြေးလျ သတင်းစာက ရေးခဲ့ဖူး ပါတယ်။

သြစတြေးလျရဲ့ တနိုင်ငံလုံး ဆိုင်ရာ အင်တာနက် broadband ကွန်ရက် အတွက် ကန်ထရိုက် ခေါ်ရာမှာလည်း ဆိုက်ဘာ တိုက်ခိုက်မှု အတွက် ပိုလွယ်မှာ စိုးရိမ်လို့ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ ကြီးကို ဝင်ပြိုင်ခွင့် တားမြစ်ခဲ့ ဖူးတယ် လို့ ဆစ်ဒီနီမြို့က ဘီဘီစီ သတင်းထောက် နစ် ဘရိုင်းယန့်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ