PR စနစ် လက်မခံနိုင်ကြောင်း RNDP ဆုံးဖြတ်

  • 29 မေ 2013
sittwe
Image caption လူမျိုးနှစ်မျိုး ခွဲထားတာ အသင့်တော်ဆုံးလို့ ဆက်ခံယူဆဲ

ရခိုင်ပြည်နယ် အမ်းမြို့မှာ ဗုဒ္ဓဟူး နေ့က ပြီးဆုံး သွားတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ ၂ဝ၁၃ နှစ်ပတ်လည် ဗဟို ကော်မီတီ အစည်းအဝေးက ရွေးကောက်ပွဲ PR စနစ်ကို လက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက် ချခဲ့ ပါတယ်။

နောက်ထပ် ရခိုင် ပါတီ တခု ဖြစ်တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းရေး အတွက် (၅) ဦးပါ ကော်မီတီ တရပ် ဖွဲ့စည်းခဲ့သလို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ဆွေးနွေးပွဲ စတင်နိုင်ဖို့ တရားဝင် ကမ်းလှမ်း သွားမယ်လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်နိုင်အောင် ပုဒ်မ တခုချင်းစီ အလိုက် စိစစ် တင်ပြ သွားဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ ပါတယ်။

အခု အစည်းအဝေးမှာ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး တစုံတရာ ဆွေးနွေးတာ မရှိသလို အတူ ယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး လူမျိုးနှစ်မျိုးကို ခွဲခြား ထားတာ အသင့်တော်ဆုံးလို့ ယခင် ချမှတ် ထားတဲ့ သဘောထားကို ပြောင်းလဲတာ မရှိတဲ့ အတွက် ဆွေးနွေး တာတွေ မရှိဘူးလို့ ဆိုပါတယ်။

မေလ ၂၇ ရက်နေ စတင်ခဲ့တဲ့ သုံးရက်ကြာ ဗဟို ကော်မီတီ အစည်းအဝေးမှာ လယ်ယာမြေ ကိစ္စ၊ မဒေးကျွန်း ပြဿနာတွေ စုံစမ်း စစ်ဆေးဖို့ စတဲ့ အကြောင်း အရာ တော်တော်များများ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ဗဟို ကော်မီတီဝင် ၆ဝ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ