ဟစ်ဇ်ဘိုလာကို ဆီးရီးယားသူပုန် မခုခံနိုင်

  • 29 မေ 2013
syria
Image caption ဆီးရီးယား အရေး အီရန်မှာ နိုင်ငံတကာ စည်းဝေးနေ

လက်ဘနွန်က ဟစ်ဇ်ဘိုလာ တွေက အီရန် အကူအညီနဲ့ ဆီးရီးယားကို သိမ်းပိုက်ဖို့ ကြံစည် နေတယ်လို့ ဆီးရီးယား သူပုန် တပ်မှူးက စွပ်စွဲ လိုက်ပါတယ်။

Qusair မြို့ကို ဝိုင်းထားတဲ့ ၇ ထောင် လောက် ရှိတဲ့ ဟစ်ဇ်ဘိုလာ တွေကို ခုခံဖို့ သူပုန်တွေမှာ လက်နက် အလုံအလောက် မရှိဘူးလို့ ဗိုလ်ချုပ်ကြီး Salim Idriss က ဘီဘီစီနဲ့ တွေ့ဆုံခန်းမှာ ပြောကြား ခဲ့ပါတယ်။

အခြေအနေ သိပ်ဆိုးနေလို့ အမြန်ဆုံး လာပြီး ကယ်တင်ဖို့ ဆီးရီးယား လွတ်မြောက်ရေး ညွန့်ပေါင်း တပ်မတော်ရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Idriss က အနောက် နိုင်ငံတွေကို ပန်ကြား ခဲ့ပါတယ်။

ဆီးရီးယား အစိုးရ တပ်တွေက မြို့ကို ပိုစီးမိ လာပြီး လေဆိပ် တခုကို သိမ်းထားလိုက်ပြီ လို့လဲ ဆီးရီးယား အစိုးရ ရုပ်သံက ကြေညာ ပါတယ်။

ဆီးရီးယားမှာ ဟစ်ဇ်ဘိုလာ တပ်သားတွေ ရှိနေတာ လက်သင့် မခံနိုင် ဘဲ အန္တရာယ် ရှိနေလို့ ချက်ချင်း ဆုတ်ခွာ သွားဖို့ အမေရိကန် အစိုးရ ကလဲ တောင်းဆိုလိုက်ပါတယ်။

Qusair မြို့ တိုက်ပွဲမှာ နိုင်ငံခြား တပ်တွေ ပါဝင် နေတာကို ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ရှုတ်ချ လိုက်ပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဌာနက ဒီလို ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ထောက်ခံတဲ့ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂမှာ မဲအများစုနဲ့ အတည်ပြု ခဲ့ပါတယ်။

ရုရှက တော့ ဒီဆုံးဖြတ်ချက်ကို စက်ဆုပ် ရွံရှာဖွယ် ကောင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စီစဉ်ထားတာတွေ နှောင့်နှေး စေနိုင်ကြောင်း ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ