ဘောလုံးပွဲမှာ လူမျိုးရေးခွဲခြားရင် ပြစ်ဒဏ်ကြီးမယ်

Image caption ပြင်းထန်စွာ အပြစ်ပေးဖို့ လိုတယ်လို့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ Sepp Blatter က ပြောပါတယ်

နိုင်ငံတကာ ဘောလုံးပွဲ တွေမှာ လူမျိုးရေး ခွဲခြား ပြောဆိုမှု တွေလုပ်ရင်၊ ပြင်းပြင်း ထန်ထန် အရေးယူ တော့မယ်လို့ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် က ဆုံးဖြတ် လိုက်ပါပြီ။

ဘောလုံး ပွဲတွေမှာ လူမျိုးစွဲပြီး ပြောဆို အော်ဟစ် တာတွေ အတွက် ပထမဆုံး ကျူးလွန် မိတာနဲ့ ပြစ်မှု အသေး အဖွဲတွေ ကိုတော့ သတိ ပေးရုံ၊ ဒဏ်ငွေ တပ်ရုံ လောက်နဲ့ ပြီးသွားနိုင် ပါတယ်။ ဒါမှ မဟုတ် တံခါးပိတ် ဘောပွဲ ကန်ခိုင်း တာမျိုး လုပ်နိုင်ပါတယ်။ သိပ်ဆိုးရွား လာရင် တော့ အမှတ်လျှော့တာ၊ ထုတ်ပယ် တာတွေထိ လုပ်လာ နိုင်ပါတယ်။

နောက် အနှစ် ၂ဝ က ၅ဝ အတွင်း မှာ ဒီလို ခွဲခြား ဆက်ဆံမှုတွေ ပပျောက် သွားအောင် လုပ်ရမ ယ်လို့ ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် က လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေး အဖွဲ့ အကြီးအကဲ Jeffrey Webb က ပြောပါတယ်။

သတင်း ဌာန တွေက ဖော်ပြ တာက နိုင်ငံ တကာ ပွဲတွေမှာ တကယ် ဖြစ်ပျက် နေတဲ့ ခွဲခြား ဆက်ဆံ မှုတွေ ရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိတယ် လို့လည်း သူက ဆိုပါတယ်။ ခွဲခြား ဆက်ဆံမှု တိုက်ဖျက် ရေးနဲ့ ပတ်သက်ပြီး မောရစ်ရှပ်စ် ကျွန်း နိုင်ငံမှာ ကျင်းပတဲ့ ဘောလုံး အဖွဲ့ချုပ် အစည်း အဝေးမှာ ၉၉ ရာခိုင်နှုန်း ထောက်ခံမှုနဲ့ ဆုံးဖြတ် အတည်ပြု ခဲ့ကြပါတယ်။

၁ ရာခိုင်နှုန်းက ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးတာကို ကြည့်ရင်ပဲ ဒီကိစ္စကို တိုက်ဖျက်ဖို့ ဘယ်လောက်ထိ လုပ်ရဦး မလဲ ဆိုတာ သိနိုင် တယ်လို့ တောင်အာဖရိကမှာ လူမျိုး ခွဲခြားရေး ခေတ်က အကျဉ်းသားဟောင်း Tokyo Sexwale က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စကို လုံးဝ သည်းညည်း မခံနိုင်ကြောင်း နဲ့ ပြင်းထန်စွာ အပြစ်ပေးဖို့ လိုတယ်လို့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ Sepp Blatter က ပြောပါတယ်။ လူမျိုး ခွဲခြား မှုကို ဆန့်ကျင်ကြောင်း ပြကြဖို့ မစ္စတာ Blatter ဆော်သြ ခဲ့တာ ဖြစ်ပါတယ်။

AC Milan နဲ့ Pro Patria ၂ သင်းကြား ချစ်ကြည်ရေး ကစားပွဲမှာ ဒီခွဲခြားရေး အော်ဟစ်မှုတွေ ကြောင့် ပွဲပျက် သွားပြီးနောက် စုံစမ်း ဖို့ ဘောလုံး အဖွဲ့ချုပ် က ဒီလို အဖွဲ့ဖွဲ့ တာဝန်ပေးခဲ့ရတာပါ။ ဇန်နဝါရီလက ဖြစ်ခဲ့တဲ့ ဒီကစားပွဲမှာ ကစားကွင်း ထဲက သပိတ်မှောက် ထွက် သွားတဲ့ AC Milan က Kevin-Prince Boateng လဲ ဒီစုံစမ်းရေး အဖွဲ့မှာ ပါပါတယ်။

ကစားကွင်း အတွင်းမှာ စောင့်ကြည့်ရေး အရာရှိ တယောက် ထားဖို့ ခွဲခြားမှု တွေ မဖြစ်အောင် ကြိုတင် တားဆီး နိုင်ဖို့လဲ ဆုံးဖြတ် ခဲ့ကြ ပါတယ်။ ကစားပွဲတွေ အားလုံး အတွက် အပြစ်ပေးမှု တညီထဲ ဖြစ်အောင်လဲ သတ်မှတ် ပြဋ္ဌာန်း ခဲ့ကြလို့ ဘောလုံး အဖွဲ့ချုပ်တွေက ဝင်ပြီး စွက်ဖက်လို့ မရတော့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ