ရုရှားက ကာကွယ်ရေးဒုံးကျည် ရပြီလား ဆိုတာ အာဆက် ပြောမသွား

  • 31 မေ 2013
Image caption ဆီးရီးယား သမ္မတ Bashar al-Assad

ဆီးရီးယားမှာ ပဋိပက္ခ ဖြစ်နေပေမယ့်လည်း ဆီးရီးယားကို ရုရှားက လက်နက် ထောက်ပံ့ပေးသွားမယ်လို့ စာချုပ် ချုပ်ဆိုထားတဲ့ အတိုင်း ဆက်လက် ဖြည့်ဆည်း ပေးနေတယ်လို့ သမ္မတ ဘတ်ရှား အယ်လ် အာဆက်ဒ်က ပြောပါတယ်။

ဒါပေမယ့် အစ္စရေးက ဆန့်ကျင်တဲ့ ရုရှားက ထောက်ပံ့ ပေးမယ်ဆိုတဲ့ နောက်ဆုံးပေါ် လေကြောင်း ကာကွယ်ရေး ဒုံးကျည် ရပြီလား ဆိုတာကိုတော့ သူက ပြောမသွားခဲ့ပါဘူး။

လက်ဘနွန်က ရှီးအိုက် လှုပ်ရှားမှု ဟစ်ဇဘိုလာ ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းမှာ မစ္စတာ အာဆက်ဒ်က ပြောကြားရာမှာ ရုရှားနဲ့ ဆီးရီးယား ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ လက်နက် မျိုးစုံ ထောက်ပံ့ပေးဖို့ ပါဝင်ပြီး တချို့ကတော့ ရောက်နေပြီလို့ မစ္စတာ အာဆက်ဒ်က ဆိုပါတယ်။

အစ္စရေးက ဆီးရီးယား ကို လေကြောင်းက ထပ်တိုက်မယ်ဆိုရင် နောက်သုံးနှစ် ထပ်ကြာ တုန့်ပြန် တိုက်ခိုက်သွားမယ်လို့ သူက သတိပေးလိုက်ပါတယ်။

တခါ ဆီးရီးယား နိုင်ငံက ဗျူဟာမြောက် အရေးပါတဲ့ နေရာမှာ ရှိနေတဲ့ ကူစဲမြို့မှာ ဒဏ်ရာရ လူနာ ခြောက်ရာလောက်ဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာမှာ ကျန်းမာရေး စောင့်ရှောက်မှု မရဘဲ ပိတ်မိနေတယ်လို့ ဆရာဝန် တယောက်က ပြောပါတယ်။

လူအများအပြားဟာ ရိက္ခာ ပြတ်နေပြီး သောက်ရေ ရဖို့ သုံးလေးရက် တန်းစီ စောင့်နေရတယ်လို့ အဲဒီ ဆရာဝန်က ဆိုပါတယ်။

လက်ဘနွန် နယ်စပ်ကို ဖြတ်ကျော်ပြီး လာကူ တိုက်ပေးနေတဲ့ ဟစ်ဇဘိုလာတွေ အများအပြား ကျဆုံးနေတာ တွေခဲ့ရပေမယ့် အဲဒီ ဟစ်ဇဘိုလာတွေ လာတိုက်ပေးမှုကြောင့် သမ္မတ အာဆက်ရဲ့ တပ်တွေကို အင်အားတောင့်တင်း ခိုင်မာသွားစေတယ်လို့ သူက ပြောပါတယ်။