ဆန္ဒပြမှုတွေ ရပ်ဖို့ တူရကီ ဝန်ကြီးချုပ် ပန်ကြား

  • 1 ဇွန် 2013
Image caption တက်ဆင် ရင်ပြင်မှာ သောင်းကျန်း နေတာကို လွှတ် မထား နိုင်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်

တူရကီ နိုင်ငံမှာ နှစ်ပေါင်း များစွာ အတွင်း အဆိုးဝါး ဆုံးသော ဆန္ဒပြ မှုတွေ ဖြစ်ပွား နေရာ၊ တူရကီ ဝန်ကြီးချုပ် ရာဆပ် တာရစ် အာဒိုဂန် က အဲဒီ ဆန္ဒပြ မှုတွေ ချက်ခြင်း ရပ်ကြဖို့ကို ပန်ကြားလိုက် ပါတယ်။

ဆန္ဒပြ သူတွေက အစ္စတန်ဘူးလ် မြို့လယ်က တက်ဆင် ရင်ပြင် ပြန်လည် ဖွံဖြိုးရေး လုပ်ငန်းတွေ အပေါ် ကန့်ကွက် ဆန္ဒပြ နေကြတာ ဖြစ်ပြီး၊ မစ္စတာ အာဒိုဂန် ကတော့ ရှေ့ဆက် လုပ်ဆောင် သွားဖို့ စိတ် ပိုင်းဖြတ် ပြီးသား ဖြစ်ပါတယ်။

ရိုင်းစိုင်းတဲ့ အစွန်းရောက် သမားတွေကို သူ အရှုံးမပေးဘူး လို့ တူရကီ ဝန်ကြီးချုပ် အာဒိုဂန်က ပြောကြားလိုက်ပြီး၊ တက်ဆင် ရင်ပြင်မှာ အစွန်းရောက်တွေ သောင်းကျန်း နေတာကို လွှတ် မထား နိုင်ဘူး၊ ရဲတွေ ချထားမယ်လို့ သူက ဆိုပါတယ်။

မဲရုံ အပြင်ဘက်က လှုပ်ရှားမှု တွေဟာ ဒီမိုကရေစီ မဆန်ဘူး၊ သူ ဆန္ဒရှိရင် အစိုးရ လိုလားတဲ့ ဆန္ဒပြ သမား တသန်းလောက် ခေါ်လို့ ရတယ်လို့လဲ အာဒိုဂန်က ဆိုပါတယ်။ ရဲ အရေးယူ ဆောင်ရွက်မှု ပြင်းထန် ခဲ့တာကိုတော့ သူက ဝန်ခံပြီး ပြည်ထဲရေး ဝန်ကြီးနဲ့ အစ္စတန်ဘူးလ် အုပ်ချုပ်ရေးမှူးကို အာဏာကုန် လွှဲပေးခဲ့ တယ်လို့ အာဒိုဂန်က ပြောပါတယ်။

တဘက်မှာလဲ ၂ဝဝ၂ ခုနှစ်က တက်လာတဲ့ သူ့အစိုးရဟာ အာဏာရှင် ဆန်လာပြီး တိုင်းပြည်ကို အစ္စလာမ်ဇာတ် သွင်းနေတယ်လို့ ဆန္ဒပြသူတွေ ဘက်က စွပ်စွဲ ကြပါ တယ်။ အာဏာရ အေကေ ပါတီက အစ္စလာမ် နိုင်ငံရေး လမ်းကြောင်း ရှိပေမယ့် သူ့အစိုးရ က တူရကီ နိုင်ငံရဲ့ ဘာသာရေး မစွက်ဖက်တဲ့ မူဝါဒကို မသွေဖီ ဘူးလို့ အာဒိုဂန်က ဆိုပါတယ်။

ည ၁ဝ နာရီ ကနေ မနက် ၆ နာရီကြား အရက် သေစာ သောက်စားတာနဲ့ ရောင်းချ တာကို တားမြစ်တဲ့ ဥပဒေကို အရင် အပတ် ကပဲ တူရကီ လွှတ်တော်က အတည်ပြု ခဲ့ပါတယ်။ အစ္စတန်ဘူးလ် မြို့လယ်က ကျန်ရှိနေတဲ့ ပန်းခြံမှာ ဆောက်လုပ်ရေးတွေ လုပ်မှာကို ကန့်ကွက်ရာက ဆန္ဒပြပွဲ ပြင်းထန်ခဲ့တာပါ။

ရဲက မျက်ရည်ယို ဗုံးသုံးပြီး ဖြိုခွဲလို့ ဒဏ်ရာ အနာတရ ရတာ၊ ထိန်းသိမ်း ခံရတာတွေ ရှိပါတယ်။ တညလုံး ရဟတ်ယာဉ်တွေ ပေါ်က မျက်ရည်ယို ဓာတ်ငွေ့တွေ ပစ်ချ ဖောက်ခွဲ ခဲ့ကြောင်း အစ္စတန်ဘူလ် အရပ်သူ တယောက်က ဆိုပါတယ်။

ဖက်ဆစ် ဝါဒ ဆန့်ကျင်ရေးနဲ့ အစိုးရ နှုတ်ထွက်ဖို့ တောင်းဆို အော်ဟစ်တဲ့ ဆန္ဒပြ သူတွေ ကလဲ ကျောက်တုံး တွေနဲ့ ပြန်လည် ပစ်ပေါက်ပါတယ်။ ဆန္ဒပြပွဲ ကိုင်တွယ် ပုံ စိုးရိမ်မိကြောင်း အမေရိကန်က ပြောပေမယ့် နိုင်ငံခြား တိုင်းပြည်တွေက သြဝါဒ ချွေတာ လက်မခံနိုင်ဘူးလို့ အာဒိုဂန်က ချေပ ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ