ဆီးရီးယားစစ် နဲ့ ဘာသာရေး ဂိုဏ်းကွဲ ပဋိပက္ခ

  • 2 ဇွန် 2013
syria qasair
Image caption စစ်မီး ထဲ က ဆီးရီးယား

ဆီးရီးယားမှာ ဖြစ်နေတဲ့ စစ် က ပိုလို့ပိုလို့ ဘာသာရေး ဂိုဏ်းကွဲ ပဋိပက္ခ ဘက်ကို ရောက်လာ နေပါပြီ။

အရှေ့အလယ်ပိုင်း က ဆွန်နီ မွတ်ဆလင်တွေ အားလုံး ဆီးရီးယား သူပုန် တွေ ဘက် က ကူပြီး တိုက်ကြ၊ အာဆတ် အစိုးရ ကို တိုက်ကြ လို့ ကာတာမှာ အခြေစိုက် နေတဲ့ အီဂျစ် နိုင်ငံသား ဆွန်နီ ဘာသာရေး ခေါင်းဆောင် ရှိတ်ခ ယူဆွတ် အယ် ကာရာဒါဝီ က ဒိုဟာ က လူထု စည်းဝေးပွဲ မှာ ပြောလိုက် ပါတယ်။

ဆီးရီးယား က အာဆတ် အစိုးရ ကို တိုက်ပွဲဝင်နေတဲ့ သူပုန် တွေ က များသောအားဖြင့် ဆွန်နီမွတ်ဆလင် တွေပါ။

အီရန် က ရှီးယားတွေ ၊ လက်ဘနွန် က ရှီးယား ဟစ်ဇဘိုလာ အဖွဲ့တွေ က အာဆတ် ကို ကူပြီး ဆွန်နီ တွေကို အမျိုးတုန်း အောင် လုပ်နေတဲ့အချိန် မှာ ဒီအတိုင်း တွေတွေ ဝေဝေ နဲ့ ထိုင်ကြည့်မနေကြနဲ့ လို့လည်း ဆွန်နီ ဘာသာရေး ခေါင်းဆောင် က မိန့်ကြား လိုက်တာပါ။

အခု အယ်ကာရာဒါဝီ ရဲ့ ဆွန်နီတွေ ကို သွေးထိုး လှုံဆော်ချက် က လက်ဘနွန် က ဟစ်ဇဘိုလာ အဖွဲ့ခေါင်းဆောင် ဟတ်စဆန် နာဆရဲလာ က လက်ဘနွန် ကို ကာကွယ်ဖို့ ဆီးရီးယား အာဆတ် အစိုးရ ဘက်က ကူညီ တိုက်ပွဲဝင် ရမယ် လို့ ကြေညာလိုက်ပြီး နောက် တပတ်လောက်မှာ ထွက်လာတာပါ။

လက်ရှိ အချိန်မှာလည်း ဆီးရီးယားနိုင်ငံ ဟုမ်းမ မြို့နဲ့ လက်ဘနွန်နယ်စပ် ကြားက ခူဆဲလ်မြို့မှာ ၂ ဘက်တိုက်ပွဲတွေ က ပြင်းထန် နေသလို ဟစ်ဇဘိုလာ တပ်တွေ က အဲဒီဘက်မှာ ၀င်တိုက်နေပါပြီ။

အာရပ်ဘာသာ စကားအရ ဟစ်ဇဘိုလာ ဆိုတာ က ဘုရားသခင်ရဲ့ တပ် လို့ အဓိပ္ပါယ်ရှိ ပေမယ့် ဆွန်နီ ခေါင်းဆောင် အယ် ကာရာဒါဝီ ကတော့ ဆေတန် နတ်ဆိုးရဲ့ တပ် လို့ သမုတ် လိုက်ပါတယ်။

အယ်ဂျာဇီးယား တီဗွီ အသံလွှင့်ဌာန ကနေ သူ ဘာသာရေး တရားဟောရင် ပရိသတ် က သန်း ၆၀ လောက် ရှိတာမို့ အခု သူ့ရဲ့ လှုံ့ဆော်ချက် က ပြင်းအား ရှိမယ် ဆိုတာ ခန့်မှန်းလို့ ရပါတယ်။

၂၀၁၁ က စခဲ့တဲ့ ဆီးရီးယား အာဆတ် အစိုးရ ကိုဆန့်ကျင် ကြတဲ့ အဖြစ်တွေ ကတည်း က စ ရေတွက်ရင် အခုအချိန် ထိ ဒီပဋိပက္ခ ကြောင့် လူပေါင်း ၈ သောင်းကျော် အသက်ဆုံးရှုံးရပြီး ဖြစ်သလို လူ ၁ သန်းခွဲ ကျော်လည်း ဆီးရီးယား က သူတို့အိုးအိမ် တွေ ကို စွန့်ကာ ပြည်ပ ကို ထွက်ပြေး နေရတယ် လို့ ကုလသမဂ္ဂ ရဲ့ ထုတ်ပြန်ချက် တွေ အရ သိရ ပါတယ်။