ဆန္ဒပြ သူတွေကို အာဒိုဂန် ပြစ်တင်ပြန်

  • 2 ဇွန် 2013
erdogan
Image caption ပါတီ ခေါင်းဆောင်မှုနဲ့ တူရကီ စီးပွားရေး တိုးတက်လာတယ်

တတိယ မြောက်နေ့ ဆက်ပြီး ဆန္ဒပြ နေတဲ့ တူရကီ နိုင်ငံသား တွေကို ဒီမိုကရေစီ ဆန့်ကျင် သူတွေ အဖြစ် ဝန်ကြီးချုပ် ရီဆပ် အာဒိုဂန် က ထပ်မံ ပြစ်တင် ရှုတ်ချ လိုက်ပြန် ပါပြီ။

အစ္စတန်ဘူလ် မြို့ Besiktas အရပ်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြ သူတွေကို ရဲက အင်အားပြင်း မျက်ရည်ယိုဗုံး တွေ ရေပိုက်တွေ သုံးပြီး လူစုခွဲခဲ့တယ် လို့ သိရ ပါတယ်။

ဗလီ၊ တက္ကသိုလ်တွေနဲ့ စျေးဆိုင် တွေမှာ ဒဏ်ရာ ရသူတွေကို ကုသဖို့ ယာယီ ဆေးရုံတွေ ဖွင့်ထားရပြီးလမ်းဘေး စင်္ကြန် တွေပေါ်မှာလဲ ရဲတွေ မလာနိုင်အောင် အတားအဆီးတွေ ချထားခဲ့ကြ ပါတယ်။

ဝန်ကြီးချုပ် ရီဆပ် အာဒိုဂန် နှုတ်ထွက်ဖို့ ဆန္ဒပြ သူတွေက တောင်းဆို နေကြတာပါ။

အစိုးရ ကို အာဏာရှင် ဆန်တယ်၊ အစ္စလာမ် အယူသည်းတယ် စတဲ့ ဝေဖန် ပြောဆိုမှုတွေ ကိုလဲ မစ္စတာ အာဒိုဂန်က ပယ်ချ ခဲ့ပြီး သူ့ပါတီ ခေါင်းဆောင်မှုနဲ့ တူရကီ စီးပွားရေး တိုးတက်လာတယ်လို့ ပြောကြား ခဲ့ပါတယ်။

အစွန်အဖျားက အရေးမပါတဲ့ အုပ်စုတွေက ပြည်ပ ထောက်ခံမှု ယူပြီး ဆန္ဒပြ နေကြတာ လို့လဲ သူက ဆိုပါတယ်။

အဓိကရုဏ်း စတင် ဖြစ်ပွားခဲ့တဲ့ အစ္စတန်ဘူလ် မြို့က တက်ဆင်မ် ရင်ပြင်မှာ ဆန္ဒပြသူတွေ ပြန် စုဝေး လာကြပြီး အန်ကာရာ မြို့တော်မှာလဲ ရဲနဲ့ ဆန္ဒပြသူ တွေ အကြား မနေ့က ရင်ဆိုင် ထိပ်တိုက်တွေ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ