ကဒါဖီ ပိုင်ဆိုင်မှု တောင်အာဖရိက မှာရှိ

  • 3 ဇွန် 2013
Image caption လစ်ဗျားခေါင်းဆောင်ဟောင်းကဒါဖီ

ကွယ်လွန်သူ လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီနဲ့ မိသားစုပိုင် ဒေါ်လာ သန်းတထောင် လောက် တန်တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတယ် ဆိုလို့ တောင်အာဖရိက အစိုးရက စုံစမ်း စစ်ဆေး မှုတွေ လုပ်နေပါတယ်။

ဒီလို ကဒါဖီ မိသားစုပိုင် တယ်ဆိုတဲ့ စိန်တွေ ရွှေတွေနဲ့ ငွေသား စတဲ့ ပစ္စည်းတွေ ပြန်ရအောင် အကူအညီပေးဖို့ တောင်အာဖရိက အစိုးရကို လစ်ဗျား အစိုးရက အကူအညီ တောင်းထားတယ် ဆိုတဲ့ သတင်းကို သတင်းစာ တစောင်က ဖေါ်ပြခဲ့တာပါ။

လစ်ဗျား အစိုးရကို ကိုယ်စားပြုတယ် ဆိုတဲ့ အဖွဲ့တဖွဲ့က တောင်အာဖရိကရောက် ကဒါဖီပိုင် ပစ္စည်းတွေ ပြန်ရအောင် ကူညီပေးဖို့ ဘဏ္ဍာရေး ဌာနကို ဆက်သွယ် လာခဲ့တယ်၊ ဒါနဲ့ ပတ်သက်လို့ ဘယ်လို ပိုင်ဆိုင်မှု မျိုးတွေ ရှိနေလဲ စစ်ဆေး နေတယ်လို့ တောင်အာဖရိက ဘဏ္ဍာရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကို ကိုးကားပြီး တောင်အာဖရိက ဆန်းဒေးတိုင်း သတင်းစာက ဖေါ်ပြခဲ့တာပါ။

တောင်အာဖရိက မှာရှိတဲ့ ကဒါဖီ ပစ္စည်းတွေ ကို ဖော်ထုတ်ပြီး ပြန်ရအောင် ကြိုးစားမယ့် လစ်ဗျားပြည်သူတွေ ကိုယ်စား အဖွဲ့တဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ တောင်အာဖရိက ဆိုင်ရာ လစ်ဗျားသံရုံးက ပြောပါတယ်။

တောင်အာဖရိကမှာ ဝှက်ထား သိမ်းထားခဲ့တဲ့ ဒီပစ္စည်းတွေဟာ ကဒါဖီ မိသားစု မတရားနည်းနဲ့ ရယူပိုင်ဆိုင် ထားခဲ့တာ ၊ လူယူ ထားခဲ့တာတွေ ဖြစ်တယ်လို့ လစ်ဗျား အစိုးရက တောင်အာဖရိကအစိုးရကို အကူအညီ တောင်းတဲ့ စာထဲမှာ ဖော်ပြ ထားတယ်လို့ သတင်းစာက ရေးထားပါတယ်။

ဒီပစ္စည်းတွေကို တောင်အာဖရိက မှာရှိတဲ့ ဘဏ်နဲ့ အာမခံ ကုမ္ပဏီ ၄ ခုမှာ သိမ်းထားတယ်လို့ လစ်ဗျား စုံစမ်း စစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံခြား မှာရှိတဲ့ ကဒါဖီနဲ့ သူ့မိသားစု ပိုင်ဆိုင်မှု အဝဝ ဒေါ်လာ ၈ဝ ဘီလျံ လောက် အထိတောင် ရှိနိုင်တယ်လို့ တချို့က ခန့်မှန်းကြပါတယ်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီဟာ ၂ဝ၁၁ အောက်တိုဘာလ လစ်ဗျား နိုင်ငံရေး အုံကြွမှု အတွင်း ဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူနဲ့ သူ့မိသားစုပိုင် ပစ္စည်းတွေဟာ လစ်ဗျားနိုင်ငံ ပစ္စည်းတွေ ဖြစ်တယ်လို့ လစ်ဗျား ပြည်သူ အများက အခိုင်အမာ ယုံကြည် ကြပြီး လစ်ဗျားကို ပြန်ပေးသင့်တယ်လို့ ယူဆကြ ပါတယ်။

ပြီးခဲ့တဲ့ မတ်လ က လန်ဒန်မြို့က ကဒါဖီရဲ့ သားတဦး ပိုင်တဲ့ ဒေါ်လာ ၁၆ သန်း တန် အိမ်ကြီးဟာ လစ်ဗျားမှာ ကဒါဖီ အာဏာ ရှိစဉ် ကာလက နိုင်ငံ့ငွေတွေ သုံးပြီး ဝယ်ခဲ့တယ်လို့ တရားရုံးက စီရင်ချက် ချခဲ့တာကြောင့် လစ်ဗျား အစိုးရဆီ လွှဲပြောင်း ပေးရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ