အစိုးရရဲ့ ဖုန်းနဲ့ အင်တာနက် စောင့်ကြည့်မှုကို အိုဘားမား ကာကွယ် ပြောကြား

  • 8 ဇွန် 2013
Image caption အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေက တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ စောင့်ကြည့်မှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဒီအစီအစဉ်တွေဟာ လူတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တာမဟုတ်တဲ့ အကြောင်း သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

အမေရိကန်တွေရဲ့ ပုံမှန် ဖုံးပြောဆို ဆက်သွယ်မှုကို ကြားဝင် နားထောင်မှာ မဟုတ်သလို အင်တာနက် အသုံးပြုမှုကို တချိန်လုံး စောင့်ကြည့် စစ်ဆေးမယ့် အထဲမှာ အမေရိကန် နိုင်ငံသားတွေမပါဘူးလို့ မစ္စတာ အိုဘားမားက ဆိုသွားတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို ကာကွယ်ရင်း လူထု လုံခြုံမှု ရှိစေဖို့ အခုလို လုပ်ရတာပါလို့ သမ္မတက ပြောပါတယ်။

ကွန်ဂရက်က အတည်ပြုခဲ့ပြီး ဖြစ်တဲ့ အကြမ်းဖက်မှု ကာကွယ်ရေးနဲ့ အကြမ်းဖက်မှုတွေကို ကြိုတင် သိနိုင်ဖို့ ဒီလို ဖုန်းနဲ့ အင်တာနက်ပေါ်က စောင့်ကြည့်မှုတွေ လုပ်ရတာပါလို့ သူက ဆိုပါတယ်။

အမေရိကန် ထောက်လှမ်းရေးက ဖုန်းနဲ့ အင်တာနက် ပေါ်ကနေ စောင့်ကြည့်မှုတွေ လုပ်နေတယ် ဆိုတာကို သတင်းမီဒီယာတွေမှာ ပထမဆုံး ပေါက်ကြား သွားခဲ့တာ ဖြစ်ပါတယ်။

အခုလို အမေရိကန် အစိုးရရဲ့ အတားအဆီးမဲ့ လေ့လာစောင့်ကြည့်မှုဟာ အခြေခံ လူအခွင့်အရေးကို ကျူးကျော် ဝင်ရောက် ၊ အနှောက်အယှက် လုပ်တာ ဖြစ်ပြီး အဲဒီလို လုပ်ဆောင်မှုက ဒီမိုကရေစီ လူ့အဖွဲ့အစည်းရဲ့ အခြေခံ အုတ်မြစ်ကို ခြိမ်းခြောက်နေတယ်လို့ World Wide Web ကို တည်ထောင်သူ Sir Tim Berners-Lee က ပြောကြားလိုက်ပါတယ်။

အင်တာနက် ဆိုတာ ခေတ်သစ် လူအဖွဲ့အစည်းနဲ့ ခွဲမရတဲ့ အရာတခုပါ ၊ ဒါကြောင့် အင်တာနက် အသုံးပြုသူတွေ အားလုံး ကိုယ့် ကိုယ်ရေးအချက်အလက်တွေကို တရားဥပဒေကြောင်းအရ ကာကွယ်ဖို့ တောင်းဆိုရမှာ ဖြစ်ကြောင်း ဆာ တင်မ်က တိုက်တွန်း ပြောဆို သွားခဲ့ပါတယ်။