ဆီးရီးယားမှာ ဆာရင် သုံးတဲ့ အထောက်အထား ပြင်သစ် တွေ့

  • 5 ဇွန် 2013
Image caption ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လော့ရင့် ဖဲဗျူးစ်

ဆီးရီးယားမှာ အာရုံကြော ထိုင်းမှိုင်းစေတဲ့ ဆာရင် အဆိပ်ဓါတ်ငွေ့တွေ သုံးတယ် ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ သူတို့ ရထားတယ်လို့ ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေက ပြောပါတယ်။

ဖြစ်ရပ်တခုမှာ ဆိုရင် ဆီးရီးယားအစိုးရက လက်နက်ကိုင် သူပုန်တွေကို တိုက်ခိုက်ရာမှာ ဆာရင်သုံးတယ် ဆိုတဲ့ တိကျတဲ့ သက်သေတွေ သူတို့မှာ ရှိတယ်လို့ ပြင်သစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက တိုက်ခိုက်ခံရတဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ သွေးနဲ့ ဆီးတွေကို နမူနာယူပြီး ပြင်သစ် ဓါတ်ခွဲခန်းတွေမှာ စစ်ကြည့်တဲ့ အခါ ဆာရင် အဆိပ်ငွေ့ သုံးထားတဲ့ သဲလွန်စတွေကို တွေ့တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က ပြောပြီး အဲဒီ တွေ့ရှိချက်တွေကို အခုတော့ ကုလသမဂ္ဂကို လွှဲပေးလိုက်ပြီလို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု ကတော့ ဆီးရီးယားမှာ ဆာရင် ဓါတ်ငွေ့တွေ သုံးသလား ဆိုတာ တရားဝင် မကြေညာခင် ခိုင်လုံတဲ့ အထောက်အထားတွေ ပိုမို စုဆောင်း ရရှိဖို့ လိုတယ်လို့ ပြောပါတယ်။

နိုင်ငံမြောက်ပိုင်းက အလက်ပိုမြို့မှာ ဓါတု လက်နက်တွေ သုံးတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရနဲ့ လက်နက်ကိုင် သူပုန်တွေက တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲ နေကြတာ ဖြစ်ပါတယ်။