တောင်နဲ့ မြောက်ကိုးရီးယား ဆွေးနွေးဖို့ သဘောတူ

  • 6 ဇွန် 2013
Image caption နှစ်နိုင်ငံ တင်းမာမှုတွေ ဖြစ်အပြီး ကေဆွန်း စက်မှုဇုံကို ပိတ်ထားခဲ့

မြောက်ကိုးရီးယားအစိုးရက နျူကလီးယား နဲ့ တာဝေး ရော့ကက် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့တဲ့အတွက် တောင်နဲ့ မြောက် ကိုးရီးယား နှစ်နိုင်ငံအကြား တင်းမာမှုတွေ လနဲ့ချီ ရှိခဲ့အပြီးမှာ နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူလိုက်ပါပြီ။

မြောက်ကိုးရီးယားအစိုးရက သူတို့ဘက် အခြမ်းမှာ ရှိတဲ့ ပူးတွဲ စက်မှု ဇုံ ပြန်ဖွင့်ရေးကို ဆွေးနွေး ပြောဆိုဖို့ အခုအခါ အဆင်သင့် ရှိနေပြီလို့ ပြောပါတယ်။

နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အဲဒီ ကေဆွန်း စက်မှုဇုံကို ပိတ်ပစ်ခဲ့တာပါ။

အဲဒီ စက်မှုဇုံ ပြန်ဖွင့်ဖို့ ကမ်းလှမ်းချက်နဲ့အတူ လွန်ခဲ့တဲ့ ၅နှစ်က ရပ်ဆိုင်းခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံက ကမ္ဘာလှည့် ခရီးသည်တွေ မြောက်ကိုးရီးယားနိုင်ငံထဲ လာရောက်လည်ပတ်တဲ့ အစီအစဉ်တွေ ပြန်စရေး ဆွေးနွေးဖို့ အဆိုပြုချက်တွေကို တောင်ကိုးရီးယား အစိုးရကလည်း မဆိုင်းမတွ လက်ခံခဲ့ပါတယ်။

နှစ်နိုင်ငံအကြား တင်းမာနေမှုတွေ လျော့ကျသွားအောင် လုပ်ဖို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စဖို့ မြောက်ကိုးရီးယားကို သူ့ရဲ့ အဓိက မဟာမိတ် တရုတ်နိုင်ငံက ဖိအားပေး တိုက်တွန်းနေတာ ဖြစ်ပါတယ်။