ကိုလိုနီ တိုက်ပွဲဝင် ကင်ညာလူမျိုးတွေကို ဗြိတိန်က နစ်နာကြေးပေးမယ်

  • 6 ဇွန် 2013
Image caption ကိုလိုနီစနစ် ဆန့်ကျင် တော်လှန်ခဲ့တဲ့ မောင်းမောင်း ရဲဘော်ဟောင်းကြီးတွေ

၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ကင်ညာ နိုင်ငံမှာ ကိုလိုနီစနစ်ကို မောင်းမောင်း တော်လှန်ရေးအဖွဲ့က ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ ချိန်အတွင်း ကိုလိုနီ တပ်ဖွဲ့တွေရဲ့ မတရား ညှင်းပန်း နှိပ်စက် ခံခဲ့ရသူ မောင်းမောင်း အဖွဲ့ဝင် ကင်ညာလူမျိုးတွေကို နစ်နာကြေး ဒေါ်လာ သန်းနဲ့ချီ ပေးမယ်လို့ ဗြိတိန် အစိုးရက ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။

မောင်းမောင်း အဖွဲ့ဝင် ကင်ညာ ရဲဘော်ဟောင်းကြီးတွေ ခံစားခဲ့ရတဲ့ ဒုက္ခ ဝေဒနာတွေကို ဗြိတိန် အစိုးရအနေနဲ့ စာနာ နားလည်ပါကြောင်းနဲ့ အဲဒီ မတရားနှိပ်စက်ခဲ့မှုတွေအတွက် တကယ့်ကို ဝမ်းနည်းမိပါကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က ပါလီမန်မှာ ပြောကြားလိုက်ပါတယ်။

တရားရုံး အဆုံးအဖြတ်မပါပဲ သဘောတူလိုက်ကြတဲ့ ဒီ သဘောတူချက်အရ နစ်နာကြေး ဒေါ်လာ သန်း ၃၀ ကို ကင်ညာလူမျိုး ၅ထောင်ကျော် က ရရှိမှာ ဖြစ်ပြီး ဒီအမှုကို ဗြိတိသျှ ရှေ့နေ အဖွဲ့တဖွဲ့က အကျိုးဆောင် ပေးတာ ဖြစ်ပါတယ်။

မောင်းမောင်း ရဲဘော်ဟောင်းတချို့ကတော့ ဒီ လျော်ကြေးငွေဟာ မလုံလောက် ဘူးလို့ ယူဆနေကြပါတယ်။

ဒီအမှုမှာ ဝင်တောင်းဆိုတာမျိုး မလုပ်ခဲ့တဲ့ မောင်းမောင်း ရဲဘော်ဟောင်း အတော်များများအနေနဲ့ ဘာနစ်နာကြေးမှ ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။