လစ်ဗျား စစ်ဦးစီးချုပ် ရာထူးက နုတ်ထွက်

  • 10 ဇွန် 2013
Image caption နှုတ်ထွက်သွားတဲ့ လစ်ဗျား စစ်ဦးစီးချုပ်

လစ်ဗျား နိုင်ငံက ကြည်းတပ် စစ်ဦးစီးချုပ် Youssef al-Mangoush ရာထူးကနေ နုတ်ထွက် လိုက်ပါတယ်။

ဘန်ဂါဇီမြို့မှာ ကန့်ကွက် ဆန္ဒပြသူ တွေနဲ့ ပြည်သူ့စစ် အဖွဲ့ တဖွဲ့ကြား လူ ၃ဝ သေဆုံးခဲ့ရတဲ့ အဓိကရုဏ်း နောက်ပိုင်း စစ်ဦးစီးချုပ် နုတ်ထွက်လွှာ တင်တာကို မနေ့က အမျိုးသား လွှတ်တော်က လက်ခံ လိုက်တာ ဖြစ်ပါတယ်။

ဘန်ဂါဇီမှာရှိတဲ့ Libya Shield Brigade လို့ ခေါ်တဲ့ ပြည်သူ့စစ် အဖွဲ့ စစ်ဌာနချုပ် အပြင်ဘက်မှာ အဲဒီအဖွဲ့ကို ဖျက်သိမ်းဖို့ စနေနေ့က စုရုံးပြီး တောင်းဆို ဆန္ဒပြ ကြစဉ်မှာ ဆန္ဒပြသူ တွေနဲ့ ပြည်သူ့စစ်တွေ ခိုက်ရန် ဖြစ်ပွား ခဲ့ကြတာပါ။

လစ်ဗျားမှာ ၂၀၁၁ ခု ကဒါဖီ သေဆုံးခဲ့ပြီး ကတည်းက လက်နက်ကိုင် ပြည်သူ့စစ်တွေ ရှိနေတဲ့ ကိစ္စကို ဖြေရှင်းဖို့ အစိုးရက ကြိုးစား နေခဲ့ ပါတယ်။

အခုတော့ ဘန်ဂါဇီမှာရှိတဲ့ Libya Shield Brigade ရဲ့ စစ်စခန်း အားလုံးကို စစ်တပ်က ထိန်းချုပ်ဖို့ အမိန့်ထုတ်ခဲ့ပြီး မကြာခင်မှာ စစ်ဦးစီးချုပ်ကို နုတ်ထွက်ခွင့် ပြုကြောင်း ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

အခု စစ်ဦးစီးချုပ်ကို မထွက်ရင်လည်း မကြာခင် ဖယ်ရှား ပစ်တော့မှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သူဟာ လစ်ဗျားက ပြည်သူ့စစ်တွေနဲ့ ပတ်သက်တဲ့ ပြသနာ အများအပြား အတွက် တာဝန်ရှိသူ၊ ထိထိရောက်ရောက် မကိုင်တွယ် နိုင်သူလို့ မြင်ကြ ပါတယ်။

သေဆုံးသူတွေ အတွက် အမျိုးသား လွှတ်တော်က ဝမ်းနည်းကြောင်း အထိမ်း အမှတ် ၃ ရက် သတ်မှတ်ခဲ့ သလို သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးဖို့ တရားသူကြီး တဦးကိုလည်း ခန့်အပ် ခဲ့ပါတယ်။

စစ်ဦးစီးချုပ် နေရာမှာ သူ့ရဲ့ လက်ထောက် ဖြစ်သူကို ယာယီ ခန့်ထား လိုက်တယ် လို့ ဆိုပါတယ်။

အခု သေဆုံးမှုတွေ ဖြစ်ခဲ့တဲ့ ပြည်သူ့စစ် ဌာနချုပ် ကိုလည်း အထူး တပ်ဖွဲ့ တဖွဲ့က ထိန်းသိမ်း ကွပ်ကဲနေတယ်လို့ စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒါ ခဏပဲလား၊ ဒီပြည်သူ့စစ် အဖွဲ့ကို ဖျက်သိမ်းပြီး စစ်တပ်က ရေရှည် ထိန်းသိမ်း တော့မှာလား ဆိုတာ ကိုတော့ သဲသဲကွဲကွဲ မသိရဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အမျိုးသား လွှတ်တော်က Libya Shield Brigade ပြည်သူ့စစ်အဖွဲ့ကို တိုက်ရိုက် ဝေဖန် တာမျိုး မလုပ်ခဲ့ ပါဘူး။

လစ်ဗျား အာဏာပိုင် တွေဟာ လက်နက်ကိုင် ပြည်သူ့စစ်တွေနဲ့ ပတ်သက်ရင် တည့်တည့် မပြောရဲ ကြသလို ထိပ်တိုက် ရင်ဆိုင် မပြောရဲ ကြတဲ့ အားနည်းချက် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘန်ဂါဇီမှာ ဥပဒေမဲ့ အနေအထားမျိုး ဆက်ဖြစ်နေတဲ့ အတွက် ပြည်သူ့စစ် တွေကို အတော် များများက အပြစ်တင် ကြပြီး ဒီအဖွဲ့တွေ ဖျက်သိမ်းဖို့ မနှစ်က လူ ထောင် ချီပြီး လမ်းတွေပေါ်ထွက် ဆန္ဒပြ ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ထရီပိုလီ မြို့တော်က ဝန်ကြီးဌာန တချို့ကို ပြည်သူ့စစ်တွေ ဝိုင်းရံ ပိတ်ဆို့ခဲ့ ပြီးနောက် သူတို့ အပေါ် လူတွေရဲ့ မကျေနပ်မှု ပိုပြီး တိုးပွား လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ