ထောက်လှမ်းရေး သတင်းပေးသူ အမည် ဖွင့်ထုတ်

  • 9 ဇွန် 2013
surveillance
Image caption စီအိုင်အေ လက်ထောက် အရာရှိ ဟောင်းက ဖွင့်ချခဲ့

ကမ္ဘာ တလွှားက ကွန်ပျူတာနဲ့ တယ်လီဖုန်း ကွန်ယက် ဆက်သွယ်မှု တွေကို ထောက်လှမ်း ခြေရာခံတဲ့ အမေရိကန် ထောက်လှမ်းရေး အစီအစဉ် အကြောင်း ဖော်ထုတ် ခဲ့သူရဲ့ အမည် နာမကို ဂါးဒီးယန်း နဲ့ ဝါရှင်တန် ပို့စ် သတင်းစာ ကြီးတွေမှာ နာမည်နဲ့ တကွ ဖွင့်ချ လိုက်ပါပြီ။

ဒီလို ဖော်ထုတ် ခဲ့တဲ့ စီအိုင်အေ လက်ထောက် အရာရှိ ဟောင်း Edward Snowden က လွတ်လပ်စွာ ပြောဆိုခွင့် ရှိတဲ့ ဘယ်နိုင်ငံမှာ မဆို ခိုလှုံခွင့် တောင်းခိုမှာ ဖြစ်တယ်၊ ဒီကိစ္စ အတွက် ဘာမှ လုပ်ဆောင်မှု မရှိတဲ့ အမေရိကန် သမ္မတ အိုဘားမားကို စိတ်ပျက်မိတယ်လို့ ပြောဆို လိုက်ပါတယ်။

အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့ တွေက အစိုးရ တရပ်ရဲ့ အာဏာကို ကျော်လွန်ပြီး ဒီမိုကရေစီကို ခြိမ်းခြောက် နေတယ်လို့ အသက် ၂၉ နှစ် အရွယ် စီအိုင်အေ လက်ထောက် အရာရှိ ဟောင်း Edward Snowden က ဗီဒီယို သတင်း တပုဒ်မှာ ပြောဆို ခဲ့ပါတယ်။

ဒီလို ဖွင့်ချ လိုက်တဲ့ အတွက် အမေရိကန်ရဲ့ လျှို့ဝှက် သတင်း ထောက်လှမ်းနေမှု ပမာဏ အပေါ် အကျယ်အပြန့် ဆွေးနွေး ပြောဆိုမှုတွေ ရှိလာပါတယ်။

မစ္စတာ Snowden ဟောင်ကောင်က ဟိုတယ် တခုမှာ တည်းခို နေတယ်လို့ ဂါးဒီးယန်းက ပြောဆိုပါတယ်။

သူ့ကို အမေရိကန် အာဏာပိုင် တွေ ဘက်က သူ့ကို တုံ့ပြန် ဒဏ်ခတ် လာမှာကို မျှော်လင့် ပြီးသား ဖြစ်ကြောင်းလဲ သူက ဆိုပါတယ်။

ဒီအချိန် မှာပဲ အလွန် အရေးကြီးတဲ့ ထောက်လှမ်းရေး အစီအစဉ် ပေါက်ကြားမှု အတွက် တရားရေး ဌာနကို လွှဲအပ် လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဝါရှင်တန်မှာ ပြောကြား လိုက်ပါတယ်။

ဒီလို လျှို့ဝှက် သတင်း အချက်အလက်ကို သိရှိသူ အဖို့ ဥပဒေ အရ ကာကွယ် စောင့်ထိန်းဖို့ လိုက်နာရမယ့် တာဝန်ရှိတယ်လို့ ထောက်လှမ်းရေး ရုံး ကြေညာချက်မှာ ပါရှိ ပါတယ်။

ဥရောပ တုံ့ပြန်

အမေရိကန် ထောက်လှမ်းရေး အစီအစဉ် ကိစ္စကြောင့် အလွန် ပူပန် စိုးရိမ် မိတယ်လို့ ဂျာမန် အစိုးရ က ထုတ်ပြန် လိုက်ပါတယ်။

ဒီ ထောက်လှမ်းရေး အစီအမံကို အလွန် ဆိုးသွမ်းတဲ့ လုပ်ရပ် ဖြစ်ကြောင်း အချက်အလက် ကာကွယ်ရေး မင်းကြီး Peter Schaar က ပြောဆိုပါတယ်။

ဒီ အစီအစဉ်ရဲ့ ရည်ရွယ်ချက် တွေကို ရှင်းပြဖို့ အမေရိကန် အစိုးရကို သူက တောင်းဆို လိုက်ပြီး ဂျာမန် နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ကို ဂျာမနီ အစိုးရ အနေနဲ့ ကာကွယ် ပေးရမှာ ဖြစ်ကြောင်းလဲ ပြောဆိုပါတယ်။

တင်းကျပ်တဲ့ ဗြိတိသျှ ထောက်လှမ်းရေး ဥပဒေ တွေကို ရှောင်လွှဲဖို့ အတွက် အမေရိကန် ထောက်လှမ်းရေး အချက်အလက် တွေကို ဗြိတိသျှ ထောက်လှမ်းရေး တွေက သုံးခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေကို ဖြေရှင်းဖို့ လဲ ဗြိတိသျှ အာဏာပိုင် တွေ ကို တောင်းဆို ခဲ့ကြပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိဂ် တနင်္လာနေ့ ပါလီမန်မှာ ကြေညာချက် တခု ထုတ်ပြန်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ