ထောက်လှမ်းရေးသမား ဖွင့်ချတဲ့ သတင်းတွေကို အမေရိကန် တရားရေး စစစ်

  • 10 ဇွန် 2013
Image caption သူဘယ်သူ ဘယ်ဝါဆိုတာ Edward Snowdon သူ့သဘောနဲ့ ဖွင့်ပြော

တရားဝင် ခွင့်ပြုချက်မရှိပဲ ဖွင့်ချ ဖေါ်ထုတ် လိုက်တဲ့ အမေရိကန် ထောက်လှမ်းရေး သမားတဦးရဲ့ လျှို့ဝှက် သတင်း အချက် အလက်တွေနဲ့ ပတ်သက်လို့ အမေရိကန် တရားရေး ဌာနက စုံစမ်း စစ်ဆေးနေပြီ ဖြစ်ပါတယ်။

ကန်ထရိုက် စာချုပ်နဲ့ အလုပ်လုပ်တဲ့ အဲဒီ အမေရိကန် ထောက်လှမ်းရေး Edward Snowdon က အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေဟာ ဖုန်းပြောဆိုမှုတွေ၊ အီးမေးလ်တွေနဲ့ တခြား ဆက်သွယ် ပြောဆိုမှု သန်းပေါင်းများစွာကို လျှို့ဝှက် စောင့်ကြည့် ထောက်လှမ်းနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖေါ် ပြောခဲ့အပြီးမှာ သူဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို သူ့သဘောဆန္ဒနဲ့ သူဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံထုတ် ဂါဒီယန် သတင်းစာကြီးနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Edward Snowdon က အမေရိကန် ထောက်လှမ်းရေး အဖွဲ့ရဲ့ ဒီလို လျှို့ဝှက် စောင့်ကြည့်မှုတွေဟာ ဒီမို ကရေစီ စနစ်ကို ထိခိုက်နိုင်စေကြောင်း ပြောသွားပါတယ်။

အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေကတော့ ဒီလို လုပ်တာဟာ တရားဝင်တယ်လို့ ပြောပါတယ်။

တခါ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ရဲ့ အဲဒီ လုပ်ငန်း အစီအစဉ်တွေနဲ့ GCHQ ဗြိတိသျှ ထောက်လှမ်းရေး အေဂျင်စီ အဖွဲ့ ဆက်နွယ် ပတ်သက်နေတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ပေါ်ထွက်လာနေရာမှာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က GCHQ အနေနဲ့ UK စည်းမျဉ်း ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက် နေတယ်လို့ ပါလီမန်မှာ ထုတ်ဖေါ်ပြောဆိုသွားပါတယ်။