အာဖဂန်မှာ ထူးခြားတဲ့ တိုးတက်မှု ရှိတယ်လို့ နေတိုးဗိုလ်ချုပ်ကြီးပြော

  • 12 ဇွန် 2013
Image caption ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဖ် ဒန်းဖို့ဒ် ( ယာ )

အာဖဂန် နစ္စတန်မှာ အခြေအနေတွေဟာ ခိုင်မာ တည်တံ့မှု မရှိသေးပေမယ့် ထူးခြားတဲ့ တိုးတက်မှုတွေတော့ ရှိပါတယ်လို့ ဘီဘီစီကို နေတိုး တပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဖ် ဒန်းဖို့ဒ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက ရာထူးစယူခဲ့ပြီးတဲ့နောက် ဘီဘီစီနဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားရာမှာ ဒီမိုကရေစီရေး အမျိုးသမီးတွေရဲ့ အခွင့်အရေး စတဲ့ ကိစ္စတွေမှာ တိုးတက်မှု ရှိပေမယ့် နောက်နှစ် နေတိုးအဖွဲ့တွေ ရုတ်သိမ်းသွားတဲ့ အခါ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက် ဖိအားပေးမှု မရှိတော့ရင် ဒါတွေဟာ နောက်ပြန် ဆုတ်သွားနိုင်တယ်လို့ ဗိုလ်ချုပ်ကြီးက ဆိုပါတယ်။

အရင် နေတိုး တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျွန်အယ်လန်ရဲ့ နေရာကို ရယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဒန်ဖို့ဒ် က တာလီဘန်တွေနဲ့ ဆွေးနွေးမှု ရဖို့ကလည်း အခရာ ကျလှတယ်လို့ ပြောပါတယ်။

လာမယ့် သီတင်းပတ် ကစပြီး အာဖဂန် နစ္စတန်မှာ နိုင်ငံတဝှမ်းလုံးရဲ့ လုံခြုံရေး တာဝန်ကို နေတိုး တပ်ဖွဲ့လက်ထဲကနေ အစိုးရက လွှဲပြောင်းယူတော့မှာ ဖြစ်ပါတယ်။