ကလေး ဆယ်သန်းခွဲ အိမ်စေ ၊ သန့်ရှင်းရေးအလုပ်တွေ လုပ်နေရ

  • 12 ဇွန် 2013
Image caption သန်းနဲ့ချီတဲ့ကလေးတွေ စာသင်ခွင့်မရ

ကမ္ဘာတလွှားမှာ သန်းနဲ့ချီတဲ့ ကလေးတွေဟာ အိမ်စေ ၊ သန့်ရှင်းရေး စတဲ့ အလုပ်တွေ လုပ်ကိုင်နေရပြီး အဲဒီလုပ်နေရတဲ့ အတွက် ကလေးတွေဟာ အန္တရာယ် ရှိသလို ၊ တခါတရံ ကျွန်သဖွယ် ပြုကျင့် ဆက်ဆံခံရတဲ့ အဖြစ်တွေနဲ့လည်း ကြုံရစေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ အိုင်အယ်လ်အိုက ပြောပါတယ်။

ကလေး သူငယ် အဓမ္မ စေခိုင်းမှု တိုက်ဖျက်ရေး World Day အထိမ်းအမှတ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုလို ကလေးတွေကို အလွှဲသုံးစား လုပ်နေမှုတွေ ပပျောက်သွားအောင် စည်းမျဉ်း ဥပဒေတွေ ထုတ်ပြန်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

အိုင်အယ်လ်အိုရဲ့ ခန့်မှန်းချက်အရ ကမ္ဘာပေါ်က အသက် ၁၄နှစ်အောက် ကလေး ဆယ်သန်းခွဲလောက်ဟာ သန့်ရှင်းရေး ၊ ချက်ပြုတ် ၊ ရေငင်ပြီး သက်ကြီး ရွယ်အိုနဲ့ လူမမယ်လေးတွေကို စောင့်ရှောက်ရတဲ့ အလုပ်တွေ လုပ်နေရတယ်လို့ ဆိုပါတယ်။

အဲဒီလို စေခိုင်းခံရတဲ့ ကလေး အများစုဟာ အခကြေးငွေလည်း မရသလို ပညာကောင်းကောင်းလည်း သင်ခွင့်မရဘူးလို့ ဆိုပါတယ်။

တချို့ဆိုရင် လူကုန်ကူးခံရပြီး ကိုယ်ခန္ဓာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေပါ ရှိတယ်လို့ အိုင်အယ်လ်အိုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။