ဆီးရီးယား အရေး ဥရောပ ခေါင်းဆောင်တွေနဲ့ အိုဘားမား ဆွေးနွေး

Image caption ဥရောပ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတဲ့ အိုဘားမား

ဆီးရီးယား သမ္မတ ဘတ်ရှား အယ်အာဆက်ဒ် ဖြုတ်ချရေးအတွက် လက်နက်ကိုင် သူပုန်တွေကို စစ်လက်နက် တိုက်ရိုက် ထောက်ပံ့ပေးမယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပြီးတဲ့နောက် သမ္မတ အိုဘားမားဟာ ဥရောပ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေပါတယ်။

လာမယ့် သတင်းပတ်မှာ ကျင်းပမယ့် စက်မှု အင်အားကြီး ၈ နိုင်ငံ အစည်းအဝေး မတိုင်ခင် မစ္စတာ အိုဘားမားဟာ ဗြိတိန် ၊ ပြင်သစ် ၊ ဂျာမဏီနဲ့ အီတလီက ခေါင်းဆောင် တွေနဲ့ တနာရီကြာ video conference call တခု လုပ်ခဲ့ပါတယ်။

ဆီးရီးယားက တိုက်ခိုက်မှုတွေကို နိုင်ငံရေး နည်းနဲ့ ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ ဆိုတာကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဗြိတိန် အစိုးရ ပြောခွင့်ရသူက ဆိုပါတယ်။

အခုလို ဆီးရီးယား သူပုန်တွေကို လက်နက်ထောက်ပံ့မယ့် အစီအစဉ်ဟာ အကြမ်းဖက်မှုတွေကို ပိုမို ဆိုးရွားလာစေလိမ့်မယ်လို့ ရုရှားက အစောပိုင်းတုန်းက သတိပေးခဲ့ပြီး ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေက ဓါတု လက်နက်တွေ သုံးနေတယ်လို့ အမေရိကန်ရဲ့ အခိုင်အမာ စွပ်စွဲ ပြောကြားချက် အပေါ် တကယ့်ကို သံသယ ဖြစ်မိတယ်လို့ ဆိုပါတယ်။