တူရကီ ဆန္ဒပြသူတွေကို ရဲက ဖြိုခွဲခဲ့ရာမှာ ညလုံးပေါက် ထိပ်တိုက် ရင်ဆိုင်မှုဖြစ်ခဲ့

  • 12 ဇွန် 2013
Image caption တက်ခ်ဆင်မ် ရင်ပြင်က ထိပ်တိုက် ရင်ဆိုင်မှု

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့လယ် တက်ဆင်း ရင်ပြင်က ဆန္ဒပြသူတွေကို ရဲက ဖြိုခွဲခဲ့ရာမှာ ညလုံးပေါက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး နောက်အခြေ အနေတွေဟာ သိပ်တည်ငြိမ်မှု မရှိသေးပါဘူး။

မနေ့ညက အကြမ်းဖက် ရုံးရင်းဆန်ခတ်မှုတွေ အဓိက ဖြစ်ပွားခဲ့တဲ့ တက်ဆင်း ရင်ပြင်ဟာ အတော်အတန် ငြိမ်သက်နေပြီး ဖြစ်ပေမယ့်လို့ ဆန္ဒပြသူတွေဟာ ရင်ပြင်နဲ့ ဘေးကပ်ရပ် ဂီဇီ ပန်းခြံထြမှာ လူပြန်စုနေကြပါတယ်။

ဆန္ဒပြသူတွေကတော့ တောင်းဆိုချက် မရမချင်း ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ကတော့ အရှုံးပေးမှာ မဟုတ်သလို နောက်တဆင့်လည်း မဆုတ်ပေး ချင်ပါဘူးလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

နိုင်ငံရေးပါတီ တခုခုရဲ့ ကူညီ ထောက်ခံမှု မပါပဲနဲ့ ကျွန်တော်တို့ဘာသာ ညီညီညွတ်ညွတ် ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့လည်း အစ္စတန်ဘူလ်က ဆန္ဒပြသမားတွေက ထပ်လောင်း ပြောသွားခဲ့ပါတယ်။

အဲဒီ ဂီဇီပန်းခြံကို ပြန်လည် မွမ်းမံ တည်ဆောက်မှုတွေ လုပ်မယ်လို့ အစိုးရက စီစဉ်ခဲ့တာကြောင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဟာ နိုင်ငံ တဝန်း ကျယ်ပြန့်သွားခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ထောင်နဲ့ချီတဲ့ ရှေ့နေတွေဟာ သူတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် ၄၀ ကျော်ကို အင်္ဂါနေ့က မတရား ဖမ်းဆီးခံခဲ့ ရတယ်ဆိုပြီး အစ္စတန်ဘူးလ်နဲ့ အန်ကာရာ မြို့တွေမှာ ကန့်ကွက် ဆန္ဒပြ နေကြပါတယ်။

အဲဒီအဖမ်းခံခဲ့ရတဲ့ ရှေ့နေတွေဟာ တက်ဆင်း ရင်ပြင်မှာ ရဲရဲ့ ဖြိုခွဲမှုကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဂီတို ဗက်စတီဗီလာ ကတော့ ရဲရဲ့ တုံ့ပြန် ဆောင်ရွက် မှုတွေဟာ စိုးရိမ်စရာ ကောင်းတယ်လို့ ဖေါ်ပြ ပြောကြားလိုက်ပြီး၊ တူရကီဟာ အခြေအနေမှန်ကို မဖေါ်ပြပဲ ပြည်တွင်း ပြည်ပမှာ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် ရာဂျစ် တာရစ် အာဒိုဝမ် အနေနဲ့ မတည်ငြိမ်မှု ဖြစ်နေတဲ့ အခြေအနေတွေကို လျော့ချဖို့ ဂျာမဏီအနေနဲ့ မျှော်လင့်ကြောင်းလည်း မစ္စတာ ဗက်စတီဗီလာ ကဆိုသွားခဲ့ပါတယ်။