တရုတ် အာကာသယာဉ် နဲ့ စူးစမ်းရေး စခန်း ချိတ်ဆက်နိုင်ခဲ့

  • 13 ဇွန် 2013
China Space
Image caption တရုတ် အာကာသယာဉ် ထဲမှာ လိုက်ပါသွားတဲ့ ယဉ်မှူးများ

တရုတ် အာကာသ ယာဉ်တစ်စီးဟာ ကမ္ဘာပတ် လမ်းကြောင်းထဲက အာကာသ စူးစမ်းရေး စခန်းနဲ့ အောင်အောင် မြင်မြင် ချိတ်ဆက် သွားနိုင်ခဲ့ ပါတယ်။

ဒါဟာ ဆယ်စုနှစ် တစ်ခု အတွင်း တရုတ် နိုင်ငံ အနေနဲ့ အာကာသ ထဲမှာ သူ့ရဲ့ ကိုယ်ပိုင် အာကာသ စခန်း ထူထောင်ရေး ကြိုးပမ်းတဲ့ နောက်ထပ် ခြေလှမ်း တစ်ရပ်လည်း ဖြစ်ပါတယ်။

ရှန်ဂျိုး အမှတ် (၁၀) Shenzhou-10 အာကာသ ယာဉ်ဟာ ကမ္ဘာပတ် လမ်းကြောင်းထဲက တီယန်ဂေါင်း အမှတ် (၁) Tiangong-1 အာကာသ ယာဉ်နဲ့ အလိုအလျောက် သွားရောက် ချိတ်ဆက် နိုင်ခဲ့ပါတယ်။

အာကာသ စခန်း တစ်ခု တည်ဆောက်ဖို့ ဆိုရင် တရုတ် နိုင်ငံ အနေနဲ့ ရှုပ်ထွေး ခက်ခဲတဲ့ အခုလို အာကာသယာဉ် ချိတ်ဆက်မှု တွေကို ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။

တရုတ် နိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီး အာကာသ ယာဉ်မှူး တစ်ယောက် အပါအဝင် ယာဉ်မှူး သုံးယောက် ပါတဲ့ ရှန်ဂျိုး အမှတ် (၁၀) အာကာသ ယာဉ်ဟာ အာကာသ ထဲမှာ သီတင်း နှစ်ပတ်ကြာ ရှိနေမယ့် အချိန် အတွင်း စူးစမ်းရေး စခန်းနဲ့ ချိတ်ဆက်ရေး လေ့ကျင့်မှု တွေကို လည်း ပြုလုပ် ကြဖို့ ရှိပါတယ်။