ဆီးရီးယားမှာ ပဋိပက္ခစချိန်က အခုထိ သေသူ တသိန်းနီးပါးရှိ

  • 13 ဇွန် 2013

ဆီးရီးယား နိုင်ငံမှာ ပဋိပက္ခတွေ စတင် ဖြစ်ခဲ့ချိန်ကနေ အခု ချိန် အထိ သေဆုံးခဲ့သူ ကိုးသောင်း သုံးထောင်ထက် မနည်း ရှိနေတယ်လို့ ကုလ သမဂ္ဂက ခန့်မှန်းပါတယ်။

တစ်လကို အနည်းဆုံး လူပေါင်း ငါးထောင် သေဆုံး နေတဲ့ အတွက် ဒီ ကိန်းဂဏန်း တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ခန့်မှန်းခဲ့တဲ့ အရေ အတွက်ထက် သုံးသောင်း ပိုများပါတယ်။

သေဆုံးမှု အများ အပြားကို မသိရှိနိုင်တဲ့ အတွက် တကယ်တန်း အမှန်တကယ် သေဆုံးသူ အရေ အတွက်ဟာ အခုထက် ပိုများနိုင်တယ်လို့လည်း ကုလ သမဂ္ဂက ယူဆ ပါတယ်။

သေဆုံးသူ ၈၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသားတွေ ဖြစ်ပါတယ်။

စစ်သားတွေ နှစ်ဖက် တိုက်ပွဲမှာ ကျဆုံးတာ ရှိသလို အရပ်သားတွေ သေကြရတာတွေလည်းရှိပါတယ်။

အဆိုးဆိုးက ကလေးသူငယ်တွေ အသက်ဆုံးရတာ လန့်စရာတောင် ကောင်းလောက်အောင် များနေပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမင်းကြီး နာဗီပီလေးက ပြောပါတယ်။ ကလေးငယ်ပေါင်း ၇၀၀၀ ကျော်သေခဲ့တဲ့ အထဲမှာ ၁၇၀၀ ကျော်က အသက်ဆယ်နှစ်အောက်တွေ ဖြစ်နေတယ်။ ကလေးတွေ ဖမ်းဆီးနှိပ်စက်ခံရပြီး အသတ်ခံရတာက တဦးချင်းရော၊ မိသားစုလိုက် အသတ်ခံရတာပါမှတ်တမ်းတွေရှိပါတယ်။

ဆီးရီးယား ပဋိပက္ခဘယ်လောက်အထိ ပြင်းထန် ရက်စက်လာနေသလဲဆိုတာပြနေတာပါပဲလို့ လူ့အခွင့်အရေးမင်းကြီး နာဗီပီလေးက ပြောပါတယ်။

ကလေးတွေသေဆုံးကြရတယ်ဆိုတဲ့ နေရာမှာ ဆီးရီးယား အစိုးရတပ်တွေရော သူပုန်တွေဖက်ကပါ ကလေးတွေကို အသေခံ ဗုံးခွဲသမားတွေ အဖြစ်လည်း သုံး လူသားဒိုင်းတွေ အဖြစ်လဲ သုံးကြတာကြောင့်လို့လည်း ဆိုပါတယ်။

ကလေးတွေကို လက်နက်တွေ သယ်ခိုင်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ခြောက်လအတွင်း လူအများဆုံး သေဆုံးခဲ့ရတဲ့ နေရာတွေကတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြို့တော် ဒမတ်စကပ် ဆင်ခြောဖုံးနေရာတွေနဲ့ အလက်ပိုမြို့တွေမှာ ဖြစ်ပါတယ်။

အစိုးရတပ်တွေက လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရမှုတွေ များသလို သူပုန်တွေဖက်ကလည်း အရပ်သားတွေ ရပ်ကွက်ထဲကို ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အခုလို လူတွေ တသိန်းနီးပါး အသက်ဆုံးခဲ့ရပြီးတဲ့ အခြေအနေဟာ လက်ခံနိုင်စရာမရှိတဲ့ အဖြစ်ဖြစ်ပြီး ဘယ်လောက်ဆိုးနေသလဲဆိုတာ ပြနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂကတော့ နှစ်ဖက်စလုံး အပစ်ရပ်ဖို့ တိုက်တွန်းခဲ့ပေမယ့် မြေပြင်အခြေအနတွေအရ အစိုးရဖက်က လက်လျှော့မယ့်ပုံမရတဲ့ အတွက် သူပုန်တွေနဲ့ တိုက်ပွဲလည်း ဆက်ဖြစ်နေဦးမှာ ဖြစ်ပြီး အသက်ဆုံးမှုတွေလည်း ဆက်တွေ့နေရလိမ့်ဦးမယ်လို့ ဘီဘီစီ သတင်းထောက်တွေက သုံးသပ်ကြပါတယ်။

လူအသက်တွေ ဆုံးရှုံးမှုတွေ ရှိနေသလို သိန်းချီတဲ့ ဒုက္ခသည်တွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေရတဲ့ ပြဿနာကြီးကလည်း ပို ကြီးလာဖို့ရှိတယ်လို့ ဘေရွတ်က ဆီးရီးယား အခြေအနေကို စောင့်ကြည့်နေတဲ့ ဘီဘီစီ သတင်းထဆာက် ဂျင်မျူယာက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ