ဆီးရီးယား အစိုးရ ဓါတု လက်နက် သုံးကြောင်း အမေရိကန် တွေ့ရှိ

  • 14 ဇွန် 2013
Image caption ဆီးရီးယား အတိုက်အခံတွေကို လက်နက် ထောက်ပံ့ဖို့ သမ္မတအိုဘားမားကို ဆီးနိတ် အမတ် McCain တိုက်တွန်း

ဆီးရီးယား အစိုးရဟာ အတိုက်အခံတွေကို တိုက်ခိုက်ရာမှာ အာရုံကြော ထိုင်းမှိုင်းစေတဲ့ Sarin အဆိပ်ဓါတုတွေ အပါအဝင် ဓါတု လက်နက် ပစ္စည်းတွေ သုံးနေတယ်လို့ အမေရိကန် အစိုးရက စွပ်စွဲ ပြောဆို လိုက်ပါတယ်။

အခုနောက်ဆုံး စုံစမ်း ထောက်လှမ်းချက်တွေအရ ဆီးရီးယားနိုင်ငံမှာ ဓါတု လက်နက်နဲ့ တိုက်ခိုက်မှု အနည်းငယ်အတွင်း လူ ၁၅၀လောက်အထိ သေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့တယ်လို့ အမေရိကန် အစိုးရ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒီလို ဓါတု လက်နက်မျိုးတွေကို ဆီးရီးယား အတိုက်အခံတွေ အသုံးပြုတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေ အထောက်အထားမျိုး မတွေ့ရဘူးလို့လည်း အဲဒီ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ဒါဟာ ဆီးရီးယား အစိုးရအနေနဲ့ ဘောင်ကျော် လုပ်ဆောင်လိုက်တာဖြစ်ကြောင်းနဲ့ ဒါကို ဘယ်လို တုန့်ပြန် ဆောင်ရွက်မလဲဆိုတာကို သမ္မတ အိုဘားမား အစိုးရက ကွန်ဂရက်နဲ့ အခုအခါ ဆွေးနွေး တိုင်ပင်မှာ ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

အခုလို ဆီးရီးယား အစိုးရက ဓါတုလက်နက်တွေ အသုံးပြုနေတာကို တုန့်ပြန်တဲ့အနေနဲ့ အမေရိကန် အစိုးရအနေနဲ့ ဆီးရီးယား အတိုက်အခံတွေကို အမြန်ဆုံး ထောက်ပံ့ အကူအညီပေးဖို့ အမေရိကန် ထိပ်တန်း ဆီးနိတ် လွှတ်တော် အမတ်နှစ်ဦးက သမ္မတ အိုဘားမားကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဆီးနိတ်လွှတ်တော်အမတ် John McCain နဲ့ သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက် ရီပတ်ဘလီကန် ဆီးနိတ်လွှတ်တော်အမတ် Linsey Graham တို့က ဆီးရီးယား အတိုက်အခံတွေကို စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့ဖို့ ဆုံးဖြတ်သင့်တာ အချိန်အတော်ကြာနေပြီလို့ ပြောပါတယ်။

သမ္မတ အားဆာ့တ် အစိုးရကတော့ သူတို့ ဓါတု လက်နက်တွေ သုံးတယ် ဆိုတာကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ပဋိပက္ခ တိုက်ပွဲတွေ ဖြစ်ပွားနေတာ နှစ်နှစ်ကျော် ရှိသွားပြီ ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရ တိုက်ပွဲတွေကြောင့် သေဆုံးသူပေါင်း ၉သောင်း ၃ထောင်ကျော် ရှိသွားပြီလို့ သိရပါတယ်။