အီရန် သမ္မတ သစ် အကြောင်း

  • 15 ဇွန် 2013
rouhani_iran
Image caption အလယ်အလတ် တို့ ရဲ့အောင်ပွဲလို့ ကြွေးကြော် နေကြ

အီရန်သမ္မတ ရွေးကောက်ပွဲမှာ မဲရာခိုင်နှုန်း ၅၁ ရာခိုင်နှုန်း နီးပါး ရပြီး ပြိုင်ဘက်တွေ အပေါ် အပြတ်အသတ် အနိုင်ရ သွားတဲ့ သမတ သစ် ဟာဆန် ရိုဟန်နီ ဟာ အလယ် အလတ် လမ်းစဉ် လိုက်တဲ့ ဘာသာရေး ခေါင်းဆောင် တဦးလို့ သတ်မှတ် ခံရတဲ့ သူပါ။

အသက် ၆၄ နှစ် အရွယ်ရှိတဲ့ ဒီ ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဆင်း တဲ့ တလျှောက်လုံး ပြုပြင် ပြောင်းလဲရေး လုပ်ဖို့၊ နိုင်ငံ ရေး အကျဉ်းသားတွေ ကို လွှတ်ပေးဖို့၊ နိုင်ငံသား တွေ ရဲ့ အခွင့်အရေး ကို အာမခံ ဖို့ နဲ့ အီရန် ကို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံ ပြန်ဖြစ်ဖို့ တို့ ကို ရည်ရွယ် ကြွေးကြော် လာခဲ့တာပါ။

အီရန် နဲ့ မဟာ ရန်သူတော်ဖြစ်နေတဲ့ အမေရိကန် နဲ့ လည်း သံတမန် ဆက်ဆံရေး ပြန်ဖြစ်ချင်တဲ့ သူတဦး လို့လည်း ဆိုပါတယ်။

အခု သူ့ ကို သမ္မတ အဖြစ် ပြည်သူ အများအပြား က ထောက်ခံ ကြတာ ကို ပြပြီး အစွန်းရောက်တွေ ကို အလတ်အလတ် ကျတဲ့ သူတွေ က အောင်ပွဲခံ လိုက်ပြီ လို့ မှတ်ချက် စကား ပြောပါတယ်။

အရင် အီရန် သမတ ဟောင်း မိုဟာမက် ခါတာမီ က ထောက်ခံ တဲ့သူတ ဦးဖြစ်ခဲ့ သလို အီရန်ရဲ့ နိုင်ငံ ဦးသျှောင် အယာတိုလာ ခါမေနီ ရဲ့ ကိုယ်စား လည် အဖြစ် နိုင်ငံ ထိပ်တန်း လုံခြုံရေး ကောင်စီ မှာ သွားရောက် အမှုထမ်းဖူး သူလည်း ဖြစ်ပါတယ်။

အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန် ၊ ရုရှား နဲ့ အာရေဗီ ဘာသာ ၅ မျိုး တတ်ကျွမ်းသူ ဖြစ်တဲ့ သူ ဟာ သမ္မတ မိုဟာမက် အာမက် ဒီနာဂျက် ကို ပွင့်ပွင့် လင်းလင်း ဝေဘန် ထောက်ပြခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၀၉ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အပြီး မဲမသမာမှု ရှိတယ် လို့ ဆန္ဒပြကြတဲ့ သူတွေကို ထောက်ခံခဲ့ပြီး အဲဒီတုန်း က အာမက် ဒီနာဂျက်အစိုးရ က နှိပ်ကွပ်တာ ကို ကန့်ကွက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။