ဂျီ-၈ ဆွေးနွေးပွဲတွေ စဖွင့်

  • 17 ဇွန် 2013
G8 UK
Image caption ဆီးရီးယားအရေး လွှမ်းမိုးနေမယ့် ဂျီ၈ ဆွေးနွေးပွဲ

G8 စက်မှု ထိပ်သီး ၈ နိုင်ငံ ဆွေးနွေးပွဲ တက်ရောက်ဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေ မြောက်ပိုင်း အိုင်ယာလန် ကို ရောက်နေကြ ပါတယ်။

ထိပ်သီး ညီလာခံမှာ ဆီးရီးယား ပဋိပက္ခ အရေး အဓိက ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက နှစ်ရက်ကြာ ဆွေးနွေးမှုက ဆီးရီးယား ပဋိပက္ခ အဆုံးသတ် သွားစေမယ့် ကြိုးပမ်းမှုတွေ အပြု သဘော အရှိန်ရ လာအောင် တွန်းအား ပေးနိုင်လိမ့် မယ်လို့ ပြောပါတယ်။

ဆီးရီးယား သူပုန်တွေကို အမေရိကန်က လက်နက် ထောက်ပံ့ပေးမယ်လို့ ကြေငြာပြီးတဲ့နောက်မှာ ဆီးရီးယားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ရုရှားက ကန့်ကွက်ပြောကြားမှုတွေ ရှိခဲ့ပါတယ်။ ဗြိတိသျှ အစိုးရကတော့ ဆီးရီးယား သူပုန်တွေကို အကူအညီပေးဖို့ လိုကြောင်းပြောနေပေမယ့် လက်နင် ထောက်ပံ့တဲ့ အထီ လုပ်မယ် မလုပ်ဖူးဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

ရုရှား ရဲ့ ရပ်တည်ချက်က အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေရဲ့ သဘောထားနဲ့ ကွဲလွဲ နေပေမဲ့ အားလုံး သဘောတူညီနိုင်မယ့် ဘုံသဘောတူညီချက်တချို့တော့ ရှိပါတယ်လို့ မစ္စတာ ကင်မရွန်းက အခိုင်အမာ ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ရပ် လိုအပ်တယ် ဆိုတာ အားလုံးက လက်ခံ တယ်၊ အဲဒါကို G8 မှာ ဆွေးနွေး ကြမှာပါလို့ မစ်စတာ ကင်မရွန်းက သတင်းထောက် တွေကို ပြောခဲ့ ပါတယ်။

အခုဆွေးနွေးပွဲကို အမေရိကန် သမ္မတ အိုဘားမားလည်း တက်ရောက်လာနေတဲ့ အတွက် ဗြိတိန်နဲ့ ရုရှား ခေါင်းဆောင်တွေ မစ္စတာအိုဘားမားနဲ့ သီးသန့်စီ ဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။

အခုအစည်းအဝေးမှာ အဓိကအားဖြင့်တော့ အမေရိကန်နဲ့ အီးယူလွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူချက်တွေ ဆွေးနွေးဖို့ရှိပြီး ကုန်သွယ်ရေး လုပ်ငန်းကြီးတွေ အခွန်ရှောင်ကြတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။