အိန္ဒိယမှာ ရေကြီးလို့ လူတွေ သေ

  • 20 ဇွန် 2013
India floods
Image caption ဟိန္ဒူ ဘုရားကျောင်းတွေလည်း ရေထဲ မျောပါ

အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ဥတ္တရာခန်ပြည်နယ်မှာ မိုးတွေကြီးပြီး ရေလျှံတက်လာလို့ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပြီးတဲ့နောက် ရေတွေဝိုင်းလို့ ပိတ်မိနေတဲ့ နေတဲ့ လူတွေကို ကယ်ဆယ်ဖို့ ပြည်နယ်အာဏာပိုင်တွေ ကြိုးစားနေကြပါတယ်။

လမ်းတွေ ရေလွှမ်း အိမ်တွေ ရေထဲ မြောပါကုန်လို့ လူပေါင်း ၆ သောင်းကျော်လည်း ရေတွေထဲမှာ ပိတ်မိနေကြပါတယ်။ ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ဘာဟူကူးဒနားကတော့ ရေကြီးမှုတွေကို ဟိမဝန္တာ ဆူနာမီလို့ ခေါ်ဝေါ်ခဲ့ပြီး သေဆုံးမှုတွေ အများကြီး ပိုတိုးလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အိန္ဒိယစစ်တပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးဆောင်နေပါတယ်။ အဓိက အာရုံစိုက်နေကြတဲ့ နေရာကတော့ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ ကေဒါနတ်သ်မြို့ပါ။ အဲဒီကို ရောက်နေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဘုရားဖူး တော်တော်များများလဲ ပျောက်ဆုံးနေပါတယ်။

မြို့ထဲက နာမည်ကြီး ဟိန္ဒူဘုရားကျောင်း တချို့လည်း ရေနဲ့ မျောပါသွားတဲ့ အဆောက်အဦကပါသွားပြီး ကျန်နေသေးတဲ့ ဘုရားကျောင်းတွေမှာလည်း ရေတွေ ရွှံ့တွေ နဲ့ ဖုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးတွေသည်းပြီး ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းလည်း နည်းနေလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကြာသပတေးနေ့မနက်က ရပ်နားထားရပါသေးတယ်။

အနားက ဥတာပရာဒက်ရှ်၊ ဟိမာချာ ပရာဒက်ရှ် နဲ့ နီပေါနိုင်ငံတွေမှာလည်း မိုးကြီး ရေလျှံတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။