အမေရိကန် အကြောင်းဖွင့်ချ ဖော်ထုတ်သူ

  • 24 ဇွန် 2013
Edward Snowden
Image caption အမေရိကန်အကြောင်း ဖွင့်ချဖော်ထုတ်သူ

အမေရိကန် ထောက်လှမ်းရေး ဝန်ထမ်းဟောင်း အက်ဒွပ် စနိုဒင် ဟာ အီကွေဒေါ နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားလိုက် ပါတယ်။

ခိုလှုံခွင့် လျှောက်ထားတဲ့ သတင်း မှန်ကန်ကြောင်း အီကွေဒေါ နိုင်ငံခြားရေး ဌာနက တွစ်တာ ကနေ အတည်ပြု ပြောကြား ခဲ့ပါတယ်။

သူ့အကြောင်းဟာ ဘာ့ကြောင့်များ ကမ္ဘာမှာ ဟိုးလေးတကျော် ဖြစ်နေရသလဲ။ သူဟာ ဘာ့ကြောင့်များ တည်းခို နေထိုင်စရာ နိုင်ငံ မရှိအောင် ပြေးလွှား နေရတဲ့ ဝရမ်းပြေး ဘဝ ရောက်နေရ ပါသလဲ။

သောကြာနေ့ က အမေရိကန် အစိုးရက အက်ဒွပ် စနိုဒင်ကို အမှု ၃ မှုနဲ့ တရားစွဲ ကြောင်း ကြေညာ ခဲ့ပါတယ်။

နိုင်ငံတော်ပိုင် ပစ္စည်း ခိုးယူမှု ၊ ကာကွယ်ရေး အချက်အလက် ပေါက်ကြားမှု ၊ နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို ရည်ရွယ်ချက် ရှိရှိ ပြောဆို ဖော်ထုတ် မှု ဆိုတဲ့ အမှု သုံးမှု နဲ့ စွဲဆို ခဲ့ပါတယ်။

အက်ဒွပ် စနိုဒင်ဟာ သတင်း လောက နိုင်ငံရေး လောကရဲ့ အသုံးအနှုန်း အရ ဝစ်ဇယ်ဘလောဝါး လို့ခေါ်တဲ့ အစိုးရရဲ့ ဆောင်ရွက်ချက် တွေကို ထောက်ပြ ဖွင့်ချသူ တယောက် ဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေးက အများ ပြည်သူ တယ်လီဖုန်း ဆက်သွယ်မှု တွေ ဖြတ်ယူ နားထောင်ခဲ့တယ်၊ တရုတ် ကွန်ပျူတာ တွေကို အမေရိကန် က ဖောက်ထွင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ အချက် တွေကို ထုတ်ဖော် ခဲ့လို့ ခုလို တရားစွဲ ခံရတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရက အက်ဒွပ် စနိုဒင်ကို လွှဲပေးဖို့ တောင်းဆို တဲ့ ကြားက ဟောင်ကောင်က အမေရိကန် တောင်းဆိုချက်ကို မလေးစား တာကို စိတ်ပျက် မိတယ်လို့ အမေရိကန် အရာရှိ တွေက ဆိုပါတယ်။

ဟောင်ကောင် အရာရှိတွေ ကတော့ အမေရိကန်ရဲ့ တောင်းဆိုချက်က မပြည့်စုံတဲ့ အတွက် ဥပဒေကြောင်း အရ စနိုဒင်ကို တားစရာ အကြောင်း မရှိလို့ သွားခွင့်ပြု လိုက်တယ် လို့ ဆိုပါတယ်။

သူ မော်စကို ရောက်လာမယ် ဆိုလို့ သတင်းထောက် တွေက သူ့ကို မေးခွင့် ရဖို့ ဝိုင်းအုံ စောင့်နေကြတဲ့ အကြားက အက်ဒွပ် စနိုဒင်ကို မတွေ့လိုက် ရပါဘူး။

မစ္စတာ စနိုဒင်ဟာ မော်စကို မှာလည်း နေထိုင်ခွင့် ခွင့်ပြုချက် တော့ ရပုံ မပေါ်ပါ ဘူး။ သူဟာ ကျူးဘား ကို သော်လည်းကောင်း ဗင်နီဇွဲလားကို သော်လည်းကောင်း သွားနိုင်တယ်လို့ တချို့က မှန်းဆ ကြပါတယ်။

အခု နောက်ဆုံးတော့ အီကွေဒေါ နိုင်ငံကို နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ ထားကြောင်း သတင်း ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။

ဝီကီလိက် ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျုလီယန်း အာဆန့်ချ်ဟာ အက်ကွေဒေါ နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် ပြုဖို့ တောင်းခံ ခဲ့ရာမှာ အက်ကွေဒေါက ခွင့်ပြု ခဲ့ပါတယ်။

ဒါပေမဲ့ အာဆန့်ချ် ဗြိတိန် နိုင်ငံက မထွက်နိုင်ဘဲ လန်ဒန် အီကွေဒေါ သံရုံးမှာပဲ သောင်တင် နေပါတယ်။

အမေရိကန် အစိုးရက အက်ဒွပ် စနိုဒင်ကို ဘယ်နိုင်ငံ ရောက်ရောက် ဆက်လက် အရေးယူ မယ်လို့ ပြောဆို နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ