အမေရိကန် ထောက်လှမ်းရေးသမား ဘယ်ရောက်နေလဲ

  • 24 ဇွန် 2013
Image caption စနိုဒင် လေယဉ်ပေါ် ပါမလာ

လျှို့ဝှက် သတင်းတွေကို ဖွင့်ချ ဖေါ်ထုတ်ခဲ့တဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိ Edward Snoden အခုအခါ ဘယ်ရောက်နေသလဲ ဆိုတာနဲ့ ပတ်သက်လို့ မရေမရာ ဖြစ်နေကြပါတယ်။

သူ ကြိုတင် လက်မှတ်ဝယ်ထားတဲ့ မော်စကိုကနေ ကျူးဘား နိုင်ငံကို သွားတဲ့ Aeroflot ရုရှား လေယာဉ်ပေါ် မစ္စတာ Snowden ရောက်မလာဘူးလို့ Aeroflot လေကြောင်း ကိုယ်စားလှယ်က ပြောပါတယ်။

အဲဒီ လေယာဉ်ပေါ် ပါသွားတဲ့ ဘီဘီစီ သတင်းထောက်ကလည်း သူ့ကို မတွေ့ဘူးလို့ ပြောပါတယ်။

မစ္စတာ Snowdenဟာ အစောပိုင်းတုန်းက သူပုန်းအောင်းနေတဲ့ ဟောင်ကောင်ကနေ မော်စကို ကို လေယာဉ်နဲ့ သွားခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ အီကွေဒေါ အစိုးရက မစ္စတာ Snowden ဟာ အီကွေဒေါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းထားကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

Image caption အမေရိကန်နိုင်ငံခြားရေးဝန်ကြီး

အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီး ဂျွန်ကယ်ရီက အက်ဒွပ်စနိုဒင် ကိစ္စရဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ ရုရှားနဲ့ တရုတ်ကို သတိပေး လိုက်တယ်လို့ ဆိုပါတယ်။

သူက အက်ဒွပ် စနိုဒင်ကို အမေရိကန် လက်က လွတ်အောင် နောက်ကနေ ရုရှားနဲ့ တရုတ်က ပံ့ပိုး ကူညီပေးနေ ခဲ့တယ်ဆိုရင်တော့ တော်တော်စိတ်ပျက် စရာ ကောင်းမှာပဲလို့ ဆိုပါတယ်။ မစ္စတာ ကယ်ရီက ဒေလီမြို့မှာ သတင်းထောက် တွေကို ပြောကြားခဲ့ရာမှာတော့ အက်ဒွပ်စနိုဒင်ကို ဟောင်ကောင်ကနေ လေယာဉ်ပေါ် ပေးတက် ခဲ့တာကိုက စိတ်ပျက်စရာ ဖြစ်ကြောင်း၊ အဲဒီအတွက် နှစ်နိုင်ငံ အကြား ဆက်ဆံ ရေး တွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်တဲ့ အကြောင်း တွေကို ပြောခဲ့ပါတယ်။

ဟောင်ကောင် အာဏာပိုင် တွေဘက်ကတော့ မစ္စတာ စနိုဒင် က သူ့သဘောနဲ့ သူထွက်သွားခဲ့တာ ဖြစ်တယ်။ အမေရိကန်ကလွှဲပေးဖို့ တောင်းဆိုချက် တွေကလည်း မပြည့်စုံဘူး။ ပြီးတော့ ဥပဒေကြောင်းအရလည်း သူ့ကို ထွက်မသွား စေအောင် တားလို့ မရဘူးလို့ အကြောင်းပြပါတယ်။

မစ္စတာ စနိုဒင်ရဲ့ ရှေ့နေ ဖြစ်တဲ့ အဲလ်ဘတ် ဟိုကတော့ ဟောင်ကောင် အစိုးရ အရာရှိတွေကမစ္စတာ စနိုဒင်ကို ပြီးခဲ့တဲ့ သတင်းပတ်ကုန်မှာ ထွက်သွားဖို့အတွက် တိုက်တွန်း ခဲ့ကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီ အရာရှိတွေကို ဒီလို ဆောင်ရွက်ဖို့ တရုတ် အစိုးရက ညွှန်ကြား ထားပုံ ရတယ်လို့လည်း ပြောပါတယ်။

သူရုရှား နိုင်ငံကို ရောက်ရှိနေတဲ့ အချိန်မှာလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကယ်ရီက ဥပဒေနဲ့ အညီ အားလုံး အကျိုးရှိစေဖို့ သူ ရုရှားက မထွက်သွားခင်မှာ လွှဲပေးဖို့အတွက် ရုရှအစိုးရကို တောင်းဆိုခဲ့ပါသေးတယ်။

မစ္စတာ စနိုဒင်ကို နိုင်ငံတော်ပိုင် ပစ္စည်း ခိုးယူမှု၊ ကာကွယ်ရေး နဲ့ လုံခြုံရေး နဲ့ သက်ဆိုင်တဲ့ အချက်အလက် တွေကို ပေါက်ကြား စေခဲ့မှုတွေနဲ့ အမေရိကန် က စွဲချက်တင် အလိုရှိနေတာ ဖြစ်ပါတယ်။