အက်ဒွပ် စနိုဒင်ကို သူတို့ဆီ ပြန်လွှဲပေးဖို့ ရုရှားကို အမေရိကန် တိုက်တွန်း

  • 24 ဇွန် 2013
Image caption ဟောင်ကောင်တလွှား စနိုဒင် သတင်းဓါတ်ပုံများ

အမေရိကန်ရဲ့ လျှို့ဝှက်ချက်တွေကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တဲ့ ထောက်လှမ်းရေး အက်ဒွပ် စနိုဒင်ကို သူတို့ဆီ ပြန်လွှဲပေးဖို့ ရုရှားကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

အဲဒီလို လွှဲမပေးရင် အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့လည်း အမေရိကန်က သတိပေးလိုက်ပါတယ်။

အမေရိကန်က လူတွေရဲ့ အင်တာနက်နဲ့ ဖုန်းဆက်သွယ်မှုတွေကို စောင့်ကြည့်နေတယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေကို ရုရှားကို မသွားခင် ဟောင်ကောင်မှာ နေတုန်း မစ္စတာ စနိုဒင် က အများသိအောင် ထုတ်ပြောခဲ့တာ ဖြစ်ပြီး ၊ လက်ရှိ သူ မော်စကိုမြို့မှာ ရှိနေတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ယူဆနေပါတယ်။

သူဟာ မော်စကိုမြို့ကနေ ကျူးဘားနိုင်ငံကို မနေ့က တနလာနေ့ တုန်းက သွားမှာ ဖြစ်ပေမယ့် လေယာဉ်ပေါ်မှာ သူ့ထိုင်ဖို့ စာရင်းသွင်းထားတဲ့ ခုံမှာ ထိုင်သူမဲ့နေပါတယ်။

မစ္စတာ စနိုဒင် ဟာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားတဲ့ အီကွေဒေါ ကို သွားဖို့ ကြိုးစား နေတာ ဖြစ်ပါတယ်။

တရုတ် အစိုးရ အနေနဲ့ သူ့ကို ဖမ်းဖို့ ခိုင်လုံတဲ့ ဝရမ်း ရှိပေမယ့် ရည်ရွယ်ချက် ရှိရှိနဲ့ မစ္စတာ စနိုဒင်ကို နိုင်ငံက ထွက်ခွာသွားဖို့ လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပြီး အမေရိကန်က တရုတ်ကို ပြင်းပြင်းထန်ထန် တိုးမြှင့် ဝေဖန်ခဲ့ပါတယ်။

တရုတ် အစိုးရရဲ့ ဒီ ဆုံးဖြတ်ချက်က အမေရိကန် တရုတ် ဆက်ဆံရေးကို ဆိုးရွား ထိခိုက်စေတယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။