ကာဘူးလ်က သမ္မတ အိမ်တော် အနီးကို တိုက်ခိုက်

  • 25 ဇွန် 2013
Presidential Palace in Kabul
Image caption အာဖဂန် နစ္စတန် သမ္မတ အိမ်တော် နားမှာ တိုက်ခိုက် ခံခဲ့ ရပြီးနောက် မြင်ကွင်း

အာဖဂန် နစ္စတန် နိုင်ငံ ကာဘူးလ် မြို့တော်က လုံခြုံရေး အထူထပ်ဆုံး နေရာတစ်ခု ဖြစ်တဲ့ သမ္မတ အိမ်တော်အနီးမှာ စစ်သွေးကြွတွေ တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။

မနက် စောစော ဒီအသေခံ တိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ သမ္မတ ကာဇိုင်း အိမ်တော်မှာပဲ ရှိပါတယ်။

အိမ်တော် သတင်းစာ ရှင်းလင်းပွဲကို လာတဲ့ သတင်းထောက် ၂ဝ လောက်ပါ တိုက်ပွဲကြားမှာ ပိတ်မိ နေခဲ့ ပါတယ်။

အိမ်တော်စောင့် တပ်တွေနဲ့ သူပုန်တွေ ကြား အပြန် အလှန် ပစ်ခတ် နေချိန် မှာပဲ စီအိုင်အေ စတည်းချ တဲ့ Ariana hotel ပေါ်ကလည်း ခုခံ ပစ်ခတ်ခဲ့ ပါတယ်။

အဲဒီ နေရာဟာ အာဖဂန် ကာကွယ်ရေး ဝန်ကြီးရုံး၊ နေတိုး စစ်ဌာနချုပ် တို့နဲ့ သိပ်ဝေးလှတဲ့ နေရာ မဟုတ်ပါဘူး။

ဒီလို အချက်အချာ ဌာနကို ဝင်တိုက် နိုင်တယ် ဆိုတာက တာလီဘန် အတွက် ဝါဒဖြန့် စရာ ကောင်းကောင်းကြီး ရသွား တာပါ။

ကာတာ မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရုံးဖွင့် ထားပြီလို့ သူတို့ဘက်က ကြေညာ ထားချိန်မျိုးမှာ ဒီလို ဝင်တိုက်တာလည်း ဖြစ်ပါတယ်။

အိမ်တော် အရှေ့ တံခါးကို ရည်ရွယ် တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး ဒီနေရာကို အခု လုံးဝ ပိတ်ထား လိုက်ပြီ လို့ သိရပါတယ်။

ဒီနေရာဟာ နေ့ခင်းမှာ အထူး လုံခြုံရေး ချ ထားပြီး စုံထောက်တွေ ခြေချင်းရိုက် နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

ပစ်ခတ်မှုကို ၂ နာရီ အတွင်း နှိမ်နင်း နိုင်ခဲ့ပြီး အန္တရာယ် မရှိ တော့ ပါဘူးလို့ တယ်လို့ ကာဘူးလ် ရဲချုပ် မိုဟာမက် အာယုတ်ဘ် ဆာလန်ဂျီက ပြောပါတယ်။

မှတ်ပုံတင် ကပ်ပြား အတု တွေနဲ့ ယူနီဖောင်း ဝတ်ပြီး ဝင်လာတဲ့ စစ်သွေးကြွ ၄ ယောက်လုံးကို ဟိုတယ်ပေါ်က သီးသန့် လုံခြုံရေး တပ်တွေက သတ်ဖြတ် ခဲ့တာ ဖြစ်ပြီး တယောက် ကတော့ သူ့ကိုယ်သူ အသေခံ ဖောက်ခွဲ သွားတယ်လို့ သိရ ပါတယ်။

အာဖဂန် တပ်တွေ ဦးစီးပြီး တိုက်ခိုက် ဖြေရှင်း ခဲ့တယ်လို့ နေတိုး တပ်ဖွဲ့ရဲ့ တွစ်တာမှာ ရေးသား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ