စနိုဒန်ကိစ္စ စွပ်စွဲမှု ရုရှားနဲ့ တရုတ် ပြန်ချေပ

  • 25 ဇွန် 2013
Edward Snowden
Image caption မစ္စတာ စနိုဒန်က သူ ခိုလှုံခွင့် တောင်းထားတဲ့ အီကွေဒေါ နိုင်ငံကို သွားဖို့ ကြိုးစားနေ

အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒဝပ် စနိုဒန် Edward Snowden ကို တရုတ်နဲ့ ရုရှား နိုင်ငံ တို့က အကူ အညီတွေ ပေးခဲ့တယ် ဆိုတဲ့ အမေရိကန် ဘက်က စွပ်စွဲချက်ကို နှစ်နိုင်ငံ စလုံးက ဒေါသ တကြီး ပယ်ချလိုက်ပါတယ်။

ဖမ်း ဝရမ်းထုတ်ခံ ထားရတဲ့ ကြားက အက်ဒဝပ် စနိုဒန်ကို တရုတ် အစိုးရက ဟောင်ကောင် ကနေ ထွက်ခွာခွင့် ပေးလိုက်တယ် ဆိုတာဟာ အခြေ အမြစ် မရှိတဲ့ လက်မခံ နိုင်တဲ့ စွပ်စွဲချက်လို့ တရုတ် ဘက်က ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေရီ လက်ဗ်ရော့ဗ် Sergei Lavrov ကတော့ သူတို့ နိုင်ငံကို မစ္စတာ စနိုဒန် ဝင်ရောက် မလာခဲ့ဘူးလို့ ပြောပါတယ်။

မစ္စတာ စနိုဒန် ကိုယ်တိုင်သာ ဘယ်ကနေ ဘယ်ကို သွားမယ် ဆိုတဲ့ သူ့ ခရီးစဉ်ကို ရွေးခဲ့တာ ဖြစ်တယ်။ အမေရိကန်လိုပဲ သူတို့လဲ သတင်း မီဒီယာတွေကတဆင့် သိခဲ့ရတာ ဖြစ်ပြီး သူ့ ခရီးသွား အစီအစဉ်နဲ့ ပတ်သက်လို့ ရုရှားက ဘာမှ ပတ်သက်မှု မရှိဘူးလို့ လည်း သူက ပြောပါတယ်။

ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ ကတော့ မစ္စတာ စနိုဒန်ကို လွှဲပြောင်း ပေးဖို့ ရုရှားကို တောင်းဆိုပါတယ်။

တနင်္ဂနွေနေ့ တုန်းက မစ္စတာ စနိုဒန်ဟာ မော်စကိုကနေ တဆင့် တောင် အမေရိကန်ကို သွားဖို့ မော်စကို လေဆိပ်မှာ ရှိခဲ့တယ်လို့ ရုရှား ဘက်က ပြောခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ စနိုဒန်ဟာ သူခိုလှုံခွင့် တောင်းခံထားတဲ့ အီကွေဒေါ နိုင်ငံကို သွားဖို့ ကြိုးပမ်း နေတာ ဖြစ်ပါတယ်။