တရုတ်နိုင်ငံ ရှင်ဂျန်းက အဓိကရုန်း ၂၇ ဦး သေ

  • 26 ဇွန် 2013

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်းပြည်နယ်မှာ ရှိတဲ့ လူနည်းစု ဝိဂါ လူမျိုးစုနဲ့ အာဏာပိုင်တွေ အကြား ကာလတာရှည် ထိပ်တိုက် ရင်ဆိုင်မှုတွေ အတွင်း အခုနောက်ဆုံးဖြစ်ခဲ့တဲ့ ဆူပူ အုံကြွမှုမှာ လူ၂၇ဦး သေဆုံးခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

အဲဒီဒေသမှာ နေထိုင်နေတဲ့ ဝိဂါလူမျိုးတွေဟာ Turkic တာကစ် မျိုးနွယ် မွတ်ဆလင်တွေ ဖြစ်ကြပြီး ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ အရရော လူမျိုးအစဉ်အဆက်အရပါ အာရှ အလယ်ပိုင်း နိုင်ငံတွေနဲ့ ပိုနီးစပ်သူတွေလို့ သူတို့ကိုယ်သူတို့ သတ်မှတ်ထားကြတာပါ။

၂၀ရာစု အစောပိုင်းကာလမှာ ဝိဂါ လူမျိုးတွေနေထိုင်ရာ ဒေသကို အရှေ့တာကစ်တန် East Turkestan နိုင်ငံအဖြစ်လွတ်လပ်ရေးကြေညာခဲ့အပြီး သိပ်မကြာခင် ၁၉၄၉ခုနှစ်မှာပဲ တရုတ် ကွန်မြူနစ် အစိုးရက အဲဒီဒေသကို လုံးဝ သိမ်းပိုက် ထိန်းချုပ်လိုက်ပါတယ်။

အဲဒီအချိန်ကစလို့ ဟန်တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့လာကြတဲ့အတွက် ဒေသခံ ဝိဂါလူမျိုးတွေအနေနဲ့ သူတို့ရဲ့ ရိုးရာ ဓလေ့ ယဉ်ကျေးမှုတွေ ဝါးမြိုခံရတော့မယ် ဆိုပြီး စိုးရိမ်နေကြတာပါ။

၂၀၀၉ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဆူပူ အုံကြွမှုတွေရဲ့ အကြောင်းရင်းတွေထဲမှာ စက်ရုံတခုမှာ ဟန်တရုတ်လူမျိုးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ဝိဂါလူမျိုး ၂ဦး သေဆုံးခဲ့တာကလည်း တချက်အပါအဝင် ဖြစ်ပါတယ်။

ဝိဂါလူမျိုးတွေ သေဆုံးခဲ့ရတဲ့အတွက် လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့မှုတွေဟာ ဘယ်ကနေ ဘယ်လို ဆူပူ အကြမ်းဖက်မှုတွေ အဖြစ် ပြောင်းလဲသွားသလဲ ဆိုတာကတော့ ခုချိန် အတိအကျ မသိရပါဘူး။

အဲဒီတုန်းက ဆူပူ အကြမ်းဖက်မှုတွေအတွင်း လူ၂၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။

တရုတ်အာဏာပိုင်တွေကတော့ အဲဒီ အကြမ်းဖက် ဆူပူမှုတွေဟာ တရုတ်နိုင်ငံ ပြင်ပမှာ ရှိတဲ့ ရှင်ဂျန်း ခွဲထွက်ရေး သမားတွေကြောင့်လို့ ပြစ်တင် ပြောဆိုခဲ့ပါတယ်။ ပြည်ပရောက် အတိုက်အခံ ဝိဂါတွေကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ကြပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တရုတ်အာဏာပိုင်တွေက တွေ့ရာမရှောင် ပစ်ခတ်နှိမ်နှင်း ခဲ့ရာကနေ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေး အကြီးအကျယ် ထိုးတက်သွားချိန်မှာ ရှင်ဂျန်းဒေသတခုလုံး အကျိုးအမြတ် ရဖို့အတွက် ဆိုပြီး အဲဒီမှာ အစိုးရက စက်မှုပိုင်း စွမ်းအင်ပိုင်းဆိုင်ရာ စီမံကိန်းတွေ လာရင်းနှီး မြှုပ်နှံ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒေသခံ ဝိဂါအတော်များများရဲ့ အပြောအရ သူတို့ရဲ့ လယ်မြေတွေသာ အသိမ်းခံခဲ့ရပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကိုတော့ ဟန်တရုတ်တွေကပဲ ရသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီတော့ အဲဒီ ဒေသမှာ ဖြစ်ပွားနေတဲ့ ဆင်းရဲမွဲတေမှုတွေ ခွဲခြား ဆက်ဆံမှုတွေ ဘေးဖယ် ပထုတ်ထားမှုတွေ ပပျောက်သွားမှသာ ပဋိပက္ခတွေ ကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ် ။